News

POST TYPE

MANDALAY

ဗကသများအဖွဲ့ချုပ်က ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ကို ရာသက်ပန်ထုတ်ပယ်
12-Feb-2018

မန္တလေး၊ ဖေဖော်ဝါရီ ၁၂

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီက ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ကို ရာသက်ပန် ထုတ်ပယ်လိုက်ကြောင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ 

“ဒီအပေါ်မှာ ဘာမှမခံစားရဘူး။ ဒီထုတ်ပြန်ချက်ဟာ အဖွဲ့အစည်းကိစ္စ ဖြစ်တဲ့အတွက် အပြင်ကိုချမပြသင့်ဘူး၊ မထုတ်သင့်ဘူး။ ကျွန်တော်တို့က ညီလာခံ သွားဖို့ရှိတယ်။ သူတို့က ညီလာခံမသွားချင်တဲ့အတွက် အခုလို စာထုတ်လိုက်တာလို့ မြင်တယ်”ဟု ဗကသအဖွဲ့ချုပ်မှနေ၍ ထုတ်ပယ်ခံရသည့် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ စည်းရုံးရေးကော်မတီတာဝန်ခံ ကိုရဲမျိုးဆွေက ပြောကြားသည်။ 

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်တွင် စည်းလုံးမှုအား နည်းနေသည်ကို တွေ့ရကြောင်း၊ ယခုကဲ့သို့သော ထုတ်ပြန်ချက်မျိုး မလုပ်သင့်ကြောင်း ယခင် ဗကသ ဗဟိုလုပ်ငန်း ကော်မတီဝင်ဟောင်းတစ်ဦးက မှတ်ချက်ပြုသည်။

ဗကသအဖွဲ့ဝင် ကိုရဲမျိုးဆွေသည် ဗကသများအဖွဲ့ချုပ် အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲနိုင်သည့် ဂိုဏ်းဂဏခွဲသည့် လုပ်ရပ်များ လုပ်ဆောင်ခဲ့ကြောင်း၊ ၎င်း၏လုပ်ဆောင်ချက်များသည် ဗကသများအဖွဲ့ချုပ်အပေါ် သစ္စာဖောက်သည့်လုပ်ရပ်များဖြစ်ကြောင်း၊ အထက်ပါလုပ်ရပ်များသည် အဖွဲ့ချုပ်ကို အားအင်ချည့်နဲ့စေသည့် သစ္စာဖောက်လုပ်ရပ်များဖြစ်ကြောင်း၊ ကိုရဲမျိုးဆွေသည် သစ္စာဖောက်လုပ်ရပ်များကိုပြုလုပ်နေသည့် သစ္စာဖောက်တစ်ဦး ဖြစ်သကဲ့သို့ ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂသည်လည်း သစ္စာဖောက်လုပ်ရပ်များ ပြုလုပ်ခွင့်ပေးနေသည့် အခြေခံနေရာ တစ်ခုဖြစ်ကြောင်း၊ ယင်းအခြေအနေများကြောင့် ရတနာပုံတက္ကသိုလ်တွင် ပညာသင်ကြားနေသော ကိုရဲမျိုးဆွေ၊ ခုံအမှတ် ၂ဥ - ၂၄၁ (ရတနာပုံ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ စည်းရုံးရေး ကော်မတီတာဝန်ခံ) နှင့် ကျော်သီဟ ရဲကျော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂကိုပါ ဗကသများ အဖွဲ့ချုပ်က ရာသက်ပန် ထုတ်ပယ်လိုက်ကြောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော် မတီထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်းဥပဒေ အခန်း (၄) အပိုဒ် (၁၀) အရ အနီးစပ်ဆုံး ကျင်းပမည့် ဗကသများအဖွဲ့ချုပ် ညီလာခံတွင် အယူခံဝင်နိုင်ကြောင်းလည်း ပါဝင်သည်။ 
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်အနေနှင့် ၂၀၁၆ ခုနှစ်က ဘားအံမြို့တွင်ကျင်းပသော ညီလာခံမှစတင်ကာ သမဂ္ဂများအကြား သဘာထား ကွဲလွဲမှုများ ရှိခဲ့ကြောင်း၊ ဗဟိုလုပ်ငန်းကော်မတီကို ထောက်ခံသော ကျောင်း ၁၅ ကျောင်းခန့် ရှိသကဲ့သို့ လက်မခံသော ကျောင်းပေါင်း ၃၀ ခန့်ရှိနေကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များထံမှ သိရသည်။

M-01