News

POST TYPE

MANDALAY

တောင်သမန်သစ္စာ စီမံကိန်း စိစစ်ရေးအဖွဲ့၏ အစီရင်ခံစာအတိုင်း ဆောင်ရွက်မည်ဟုဆို
11-Sep-2016
(ပုံစာ - တောင်သမန်သစ္စာ စီမံကိန်း မြင်ကွင်းကို ယနေ့ (စက်တင်ဘာ ၁၁ ရက်) မွန်းလွဲပိုင်းက မြင်တွေ့ရစဉ်။)
မန္တလေး၊ စက်တင်ဘာ ၁၁

ပြည်တွင်း၊ ပြည်ပ ခရီးသွားအများဆုံး လာရောက်သည့် အမရပူရမြို့နယ် တောင်သမန်အင်းအနီး၌ အကောင်အထည်ဖော်နေသည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် တောင်သမန်ကျေးလက် စီမံကိန်းကို မိမိ၏ အမိန့်ဖြင့် စက်တင်ဘာ ၁၀ ရက်က ရပ်ဆိုင်းစေခဲ့ပြီး စိစစ်ရေးအဖွဲ့၏ အစီရင်ခံစာအတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်က The Voice သို့ ပြောကြားသည်။

“တံတားအနီးမှာ တံတားနဲ့ Level တူ မြေဖို့ထားတာတွေ ရှိတယ်။ ရှစ်ပေလောက် မြင့်တယ်။ နောက်ပြီး ရေပိုက်မြောင်းတွေလည်း ရှိတယ်။ အဲဒါတွေက အင်းထဲကို အကုန်ရောက်မှာ။ အရင်ကလည်း နှစ်ကြိမ်လောက် တားမြစ်ထားတာ ရှိတယ်။ အဲဒါတွေကတော့ နှုတ်မိန့်နဲ့ပေါ့။ အခုကျတော့ တရားဝင်စာနဲ့ တားမြစ်တာ” ဟု ၎င်းက ပြောသည်။

(ပုံစာ - တောင်သမန်သစ္စာ စီမံကိန်း မြင်ကွင်းကို ယနေ့ (စက်တင်ဘာ ၁၁ ရက်) မွန်းလွဲပိုင်းက မြင်တွေ့ရစဉ်။)

ဦးပိန်တံတားနှင့် ကပ်လျက် တောင်သမန် ကန်ပတ်လမ်းကို တံတားမှ ပေ ၂၀၀ ခွာ၍ ဆောင်ရွက်ရန်နှင့် ယခုဖို့ထားသည့် လမ်းသားကို ဖြိုဖျက်ရန်၊ တောင်သမန်ကမ်းနားတွင် စိုက်ထူထားသည့် အမရပူရ သုခုမရင်ပြင် ဆိုင်းဘုတ်ကို ဖယ်ရှားဖြုတ်သိမ်းရန်၊ တောင်သမန်ကန်နှင့် ကန်ပတ်လမ်းကြား ဆောင်ရွက်ထားသည့် ကျောက်ချောလမ်းကို ဖယ်ရှားရှင်းလင်းရန်၊ Phase (1) မှအပ ကျန်ဧရိယာများတွင် အခိုင်အမာ အဆောက်အဦ ဆောက်လုပ်ခြင်းများကို ဆက်လက်ဆောင်ရွက်ခြင်း မပြုရန် စသည့် အချက်လေးချက်ဖြင့် တားမြစ်လိုက်ခြင်း ဖြစ်ပြီး စီမံကိန်းလုပ်ငန်းမှာ ပတ်ဝန်းကျင်ထိခိုက်မှု ရှိ/မရှိ၊ တောင်သမန်အင်းကို ထိခိုက်မှု ရှိ/မရှိ စသည်တို့ကို စိစစ်ရန်အတွက် တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် စိစစ်ရေးအဖွဲ့ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က စက်တင်ဘာ ၇ ရက်က ဖွဲ့စည်းပေးခဲ့သည်။

တောင်သမန်အင်းဝန်းကျင် ထိခိုက်နိုင်မှု ရှိ/မရှိကို ပြည်သူလူထု၏ အသံဖြင့် လေ့လာသွားမည်ဖြစ်ပြီး အင်းဝန်းကျင် မြေဖို့မှုများကြောင့် မြေဆီလွှာ တိုက်စားကာ အင်းအတွင်း ဝင်ရောက်ပြီး အင်းကောနိုင်သည့် အခြေအနေကို တားမြစ်ရန် နည်းလမ်းများအတွက် မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင်လည်း မေးခွန်းများ မေးမြန်းသွားမည်ဟု အမရပူရမြို့နယ် တိုင်းဒေသကြီး အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် စိစစ်ရေး အဖွဲ့ဝင်လည်းဖြစ်သူ ဦးမြင့်ဆွေက ပြောသည်။

“လောလောဆယ်မှာတော့ လုပ်ငန်းတွေ အားလုံး ရပ်နားထားပါတယ်။ စိစစ်ရေးအဖွဲ့ရဲ့ အစီရင်ခံစာကို စောင့်နေပါတယ်” ဟု တောင်သမန်သစ္စာ ကုမ္ပဏီ ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ထွန်းက ဆိုသည်။

ယင်းအပြင် စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် နေအိမ် ၁၉၂ လုံး ဆောက်လုပ်မည့် ကိစ္စကိုလည်း ပြန်လည်စိစစ်မည်ဟု မန္တလေး မြို့တော်ဝန်က ပြောဆိုသည်။

“အပိုင်းတစ်ခုချင်းစီအလိုက် လုပ်စေချင်တယ်။ ဒါမှ တစ်ခုပြီးရင် တံတားပေါ်က ကြည့်ပြီး အရုပ်မဆိုးဖို့ လိုတယ်။ အရုပ်ဆိုးတယ်ဆို ခွင့်မပြုဘူး။ လူတွေက တံတားပေါ်ကိုပဲ လာကြတာ၊ ပတ်ဝန်းကျင်က ရှုချင်စရာ မကောင်းရင် လာမှာမဟုတ်ဘူး” ဟု ၎င်းက ထပ်မံပြောဆိုသည်။

အဆိုပါ စီမံကိန်း မြေနေရာ အသုံးပြုရန် မြေ ၄၀ ဒဿမ ၂၇ ဧကကို ၂၀၁၅ ခုနှစ် မတ် ၅ ရက်တွင် လည်းကောင်း၊ မြေ ၅၈ ဒဿမ ၈၃ ဧကကို ၂၀၁၆ ခုနှစ် မတ် ၂၈ ရက်တွင် လည်းကောင်း မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးရဲမြင့် ဦးဆောင်သည့် အစိုးရအဖွဲ့က ခွင့်ပြုပေးခဲ့သော်လည်း လက်ရှိအချိန်ထိ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုခြင်း မရှိသေးပေ။

(ပုံစာ - တောင်သမန်သစ္စာ စီမံကိန်း မြင်ကွင်းကို ယနေ့ (စက်တင်ဘာ ၁၁ ရက်) မွန်းလွဲပိုင်းက မြင်တွေ့ရစဉ်။)

တိုင်းဒေသကြီးအစိုးရက ဖွဲ့စည်းပေးသည့် စိစစ်ရေးအဖွဲ့ အနေဖြင့် စိစစ်တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များ ပါသည့် အစီရင်ခံစာကို စက်တင်ဘာ ၃၀ ရက် မတိုင်မီ ပြန်လည်တင်ပြရမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
(ပုံစာ - တောင်သမန်သစ္စာ စီမံကိန်း မြင်ကွင်းကို ယနေ့ (စက်တင်ဘာ ၁၁ ရက်) မွန်းလွဲပိုင်းက မြင်တွေ့ရစဉ်။)