News

POST TYPE

MANDALAY

တရုတ်နှစ်သစ်ကူးကြောင့် ဖရဲသီးဈေး ဆက်တိုက်ကျ


မန္တလေး၊ ဖေဖော်ဝါရီ ၁၁

တရုတ်နှစ်သစ်ကူး နီးလာသည်နှင့်အမျှ ဖရဲသီးဈေး ဆက်တိုက်ကျဆင်းနေရာ ယင်းကာလ ပြီးဆုံးသည့်အချိန်အထိ ဈေးထပ်ကျနိုင်သေးကြောင်း မူဆယ်ဈေးကွက်အတွင်းရှိ ကုန်သည်များထံမှ သိရသည်။

“တရုတ်နှစ်သစ်ကူး နီးလာတာနဲ့အမျှ ဈေးကျလာတယ်။ အဓိကတော့ ၈၅၅ သီးတွေ ကျတာပေါ့နော်။ ကားအဝင်လည်းများတယ်။ ဝယ်လိုအားမရှိတော့ ဈေးကျတာပေါ့”ဟု မူဆယ်ကုန်သည်အသင်း ဗဟိုအလုပ်အမှုဆောင် ဦးစိုင်းခင်မောင်က ပြောကြားသည်။

ဖေဖော်ဝါရီလဆန်းပိုင်းက ၈၅၅ အမျိုးအစား ဖရဲသီးတစ်တန်လျှင် ယွမ် ၁၇၀၀ မှ ၁၈၀၀ ခန့်အထိ ဈေးရရှိနေခဲ့ရာမှ လက်ရှိတွင် တစ်တန်လျှင် ယွမ် ၁၂၀၀ ခန့်သာ ဈေးရတော့ကြောင်း ၎င်းက ရှင်းပြသည်။

ယခုရက်ပိုင်းအတွင် မြန်မာနိုင်ငံဒေသအနှံ့မှ မူဆယ်ဈေးကွက်သို့ ဖရဲသီးတင်ကား အစီး ၆၀၀ ခန့်အထိ နေ့စဉ်ဝင်ရောက် ရောင်းဝယ်နေသည့်အတွက် ဖရဲသီးအဝင်များနေသော်လည်း တရုတ်ကုန်သည်များအနေနှင့် လုပ်ငန်းရပ်နားကာ နေရပ်ပြန်နေကြသည့်အတွက် ဝယ်လိုအား ကျဆင်းနေခြင်းဖြစ်ကြောင်း ခွာညိုသစ်သီးအဝယ်ဒိုင်ထံမှ သိရသည်။

ဖရဲသီးဈေးကွက်အနေနှင့် တရုတ်နှစ်သစ်ကူးကာလပြီးဆုံး၍ တစ်ပတ်ခန့်အကြာမှသာ လည်ပတ်နိုင်ပြီး ဈေးပြန်တက်လာမည်ဟု မူဆယ်ဈေးကွက်အတွင်း ရောင်းဝယ်နေသော ကုန်သည်များက ခန့်မှန်းထားကြသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မူဆယ် ဖရဲသီးဈေးကွက်အရ ၈၅၅ အမျိုးအစား ဖရဲသီတစ်တန်လျှင် ယွမ် ၁၁၀၀ မှ ၁၃၀၀၊ အစေ့မဲ့ ဖရဲသီးတစ်တန်လျှင် ယွမ် ၂၆၀၀ မှ ၂၈၀၀၊ ထိုင်ဝမ်ဖရဲသီးတစ်တန်လျှင် ယွမ် ၂၃၀၀ မှ ၂၈၀၀ ခန့် ပေါက်ဈေးရှိနေပြီး အရည်အသွေးမြင့်သည့် ဖရဲသီးများသာ အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိနေကာ အရည်အသွေးနိမ့်သည့် အသီးများကိုမူ စီးလုံးပြတ်စနစ်ဖြင့် ဝယ်ယူကြောင်း ခွာညိုသစ်သီးပွဲရုံ၏ ကြေညာချက်အရ သိရသည်။

တရုတ်နိုင်ငံတွင် စားသုံးမှုလျော့ကျခြင်း၊ ရောင်းလိုအားများသော်လည်း ဝယ်လက်များကို မက်လုံးမပေးနိုင်ခြင်းတို့ကြောင့် မူဆယ် သစ်သီးဈေးကွက်အတွင်း သစ်သီးဈေးများ ကျဆင်းနေခြင်းဖြစ်ကြောင်း သစ်သီးကုန်သည်များက ပြောဆိုကြသည်။

M-04