News

POST TYPE

MANDALAY

JICA ချေးငွေဖြင့် စစ်ကိုင်းရှိ အိမ်ထောင်စု ၅၀၀၀ ကျော်ကို သောက်သုံးရေစဖြန့်

မန္တလေး၊ ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီသည် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ချေးငွေဖြင့် အိမ်ထောင်စု ၅၀၀၀ ကျော်ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစတင်ကာ သောက်သုံးရေစတင်ဖြန့်ဖြူး ပေးလျက် ရှိသည်။

မြစ်ရေတင်တိုးချဲ့ ရေပေးဝေရေး လုပ်ငန်းစီမံကိန်းအရ စစ်ကိုင်းမြို့ရှိ အိမ် ထောင်စု ၅၀၀၀ ကျော်ကို ဖြန့်ဖြူးပေး ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင် သာယာရေးကော်မတီထံမှ သိရသည်။

ရေပေးဝေရေးစီမံကိန်းကို စစ်ကိုင်း မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနနှင့် JICA အဖွဲ့တို့ ၂၀၁၆ ခုနှစ် ဧပြီလက စတင် အကောင်အထည်ဖော်ခဲ့ကြောင်း၊ စီမံကိန်းကို JICA ချေးငွေ ကျပ် ၉၁၂ ဒသမ ၇၃၃ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် စီမံကိန်းပြီးစီးခဲ့ကြောင်း၊ ရေပေးဝေရေးစီမံကိန်း အနေ နှင့် တစ်ရက်လျှင် ရေဂါလန် လေးသိန်းခန့် ပေးဝေနိုင်မည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောကြားသည်။ 

“ရေတစ်ယူနစ်(ဂါလန်၂၀ ကျော်) ကို ကျပ် ၃၀၀ လောက်ကုန်ပါတယ်။ ဒီတော့ ဒီရေပေးဝေရေး စီမံကိန်းကနေ တစ်လတိတိအခမဲ့ပေးမယ်။ ဒီတစ်လ အတွင်းမှာ ကုန်ကျစရိတ်တွေ တွက်ချက် ပြီးတော့ ပြည်သူတွေကို ဘယ်လောက်နဲ့ ဖြန့်မလဲဆိုတဲ့နှုန်းထားတစ်ခု ထွက်လာမှာပါ”ဟု ၎င်းကရှင်းပြသည်။

အဆိုပါတိုးချဲ့ရေပေးဝေရေး စီမံကိန်းအရ စစ်ကိုင်းမြို့ရှိ ဇေယျာ၊ ရွှေမင်းဝံ၊ မြရတနာ၊ နီလာရပ်ကွက်တို့ရှိ အိမ်ထောင်စု ၅၀၀၀ ကျော်ကို ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း၊ ဧရာဝတီမြစ်ရေကို ရေစုပ်စက်ကြီးများဖြင့် အမြင့်သို့တွန်းတင်၍ အမြင့်မှ အနိမ့်သို့ စီးဆင်းသည့်စနစ်ဖြင့် အိမ်တိုင်ရာရောက်ပေးဝေမည်ဖြစ်ကြောင်း၊ ရေစစ်ကန်များဖြင့်အဆင့်ဆင့် ဖြတ်သန်း၍ သောက်သုံးနိုင်သည့်အဆင့်ထိ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ရေပေးဝေရေး လုပ်ငန်းစီမံချက်အရ သိရသည်။

“သောက်သုံးရေ၊ ချိုးရေသုံးဖို့အတွက် အဝီစိတွင်းတွေ နေရာတိုင်းမှာ တူးလို့မရဘူး။ ဆိုတော့ ရေဝယ်သုံးရတယ်ပေါ့ဗျာ။ နွေရာသီရောက်ပြီဆိုရင် ရေရဖို့ ခက်ခဲတယ်။ အခုတော့ လွယ်လင့်တကူ သုံးလို့ရပြီပေါ့”ဟု ဇေယျာရပ်ကွက်တွင် နေထိုင်သူ ဦးသိန်းဝင်းက ပြောကြားသည်။

မြစ်ရေတင်တိုးချဲ့ ရေပေးဝေရေး လုပ်ငန်းစီမံကိန်းသည် စစ်ကိုင်းမြို့ တောင်ညိုရွာအနီးတွင်တည်ရှိပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစ၍ လုပ်ငန်းစတင်လည်ပတ်ခဲ့ခြင်းဖြစ်သည်။

M-05