News

POST TYPE

MANDALAY

ဘုရားပွဲအတွင်း ရန်ဖြစ်ရာမှ ဒုဗိုလ်အဆင့်ရှိ တပ်မတော် အရာရှိသေဆုံး
မန္တလေး၊ ဖေဖော်ဝါရီ ၁၁

ရန်ကုန်မြို့ အမှတ် ၂ တပ်မတော် ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ဒုဗိုလ်တစ်ဦး မြစ်သားမြို့နယ်ရှိ ကျေးရွာဘုရားပွဲသို့ လည်ပတ်ရာမှ လူငယ်ငါးဦးနှင့် စကားများရန်ဖြစ်ခဲ့ပြီး ဓားထိုးခံရသောကြောင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၁၁ နာရီခွဲခန့်က သေဆုံးသွားခဲ့ကြောင်း ကျောက်ဆည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မင်္ဂလာဆောင်ရန်အတွက် မြစ်သားမြို့သို့ ခေတ္တရောက်ရှိနေသည့် ဒုဗိုလ် အောင်ခန့်ကျော် (သူနာပြု) သည် ကူမဲဆည်တောနံ ဘုရားပွဲသို့ ညီဖြစ်သူနှင့်အတူ သွားရောက်လည်ပတ်စဉ် ရန်ကုန်-မန္တလေး ကားလမ်း ဆည်ရွာရပ်အနီးတွင် လူငယ်ငါးဦးတို့နှင့် စကားများ ရန်ဖြစ်ရာမှ ဓားထိုးခံခဲ့ရခြင်းဖြစ်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့ထံ တင်ပြသည့် ရဲကြေးနန်းအရ သိရသည်။

“ဘုရားပွဲကိုသွားရင်း လူငယ်ချင်း စကားများ ရန်ဖြစ်ကြတာလို့ သိရတယ်။ အဲ့ဒီမှာ ဓားထိုးခံခဲ့ရတာပဲ”ဟု ကျောက်ဆည်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းသိန်းက အတည်ပြု ပြောကြားသည်။

အမည်မသိ လူငယ်များက ဒုဗိုလ်အောင်ခန့်ကျော်ကို ဓားနှင့်ထိုးခြင်း၊ ၎င်း၏ညီကို သံတုတ်များဖြင့် ရိုက်နှက်ခဲ့ခြင်းတို့ပြုလုပ်ရာ အောင်ခန့်ကျော်၏ နောက်ကျောတွင် ထိုးသွင်းဒဏ်ရာ ရရှိခဲ့ပြီး ကူမဲဆေးရုံသို့တင်ပို့စဉ် ရရှိထားသည့်ဒဏ်ရာများဖြင့် ဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မြစ်သားမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ခိုက်ရန်ဖြစ်ပွားခဲ့သူများကို ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ရာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ငါးနာရီအချိန်ခန့် (အခင်းဖြစ်ပြီး ငါးနာရီခန့်အကြာ) ၌ ခိုက်ရန် ဖြစ်ရာတွင်ပါဝင်ခဲ့သည့် အသက် ၁၉ နှစ်အရွယ်ရှိ ဟိန်းမင်းထက်၊ အသက် ၁၈ နှစ်အရွယ်ရှိ စည်သူကျော်၊ အသက် ၁၆ နှစ်အရွယ်ရှိ ယောက်ျားလေးတစ်ဦး၊ အသက် ၂၃ နှစ် အရွယ်ရှိ နေထက်ဝင်းနှင့် အသက် ၂၀ အရွယ်ရှိ ဖိုးသားတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း မြစ်သားမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြစ်သားမြို့နယ် ကူမဲကျေးရွာရဲစခန်းက (ပ)၂၃/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၃၂၅/၁၁၄ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

M-04