News

POST TYPE

MANDALAY

မူးယစ်ဆေးမှုဖြင့် အမှုရင်ဆိုင်နေရသည့် အကျဉ်းသားထံမှ စိတ်ကြွဆေးပြားများဖမ်းမိ
10-Feb-2018

မန္တလေး၊ ဖေဖော်ဝါရီ ၁၀

မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ချုပ်နှောင်ခံထားရပြီး မူးယစ်မှုဖြင့် အမှုရင်ဆိုင်နေရသော အကျဉ်းသားတစ်ဦးထံမှ စိတ်ကြွဆေးပြား ၁၇၀ ကို ဖေဖော်ဝါရီလ ၉ ရက်နေ့က ဖမ်းဆီးရမိကြောင်း အကျဉ်းထောင်တာဝန်ရှိသူများ ထံမှ သိရသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၅ /၁၉(က) တို့ဖြင့် အမှုရင်ဆိုင်နေရပြီး အကျဉ်းထောင်တွင် ချုပ်နှောင်ခံထားရသည့် အသက် ၂၆ နှစ်အရွယ်ရှိ ကျော်ဦးထံသို့ မိသားစုဝင်များက ထောင်ဝင်စာ ပေးပို့ရာတွင် လမုန့်ထုပ်အတွင်း ထည့်သွင်း သယ်ဆောင်လာသည့် ၈၈/၁ စာတန်းပါ စိတ်ကြွဆေးပြားများ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထောင်ပိုင်ကြီး ဦးချိုဝင်းထွန်းက ပြောကြားသည်။

“အရေအတွက် များတယ်ဆိုတော့ သုံးဖို့တင်တော့ မဖြစ်နိုင်ဘူး။ ဘာလုပ်ဖို့ ဒီလောက်များများ သွင်းလာတယ်ဆိုတာ မသိရသေးဘူး စစ်နေတုန်း ရှိသေးတယ်။ အရင်က ဒီလောက်များများ မမိဖူးပါဘူး။ ဒီတစ်ကြိမ်က အများဆုံး ဖြစ်တယ်။ ကျွန်တော် တို့ ဒီထက်ပိုပြီးတော့ တင်းတင်းကျပ်ကျပ် စစ်ဆေးဖို့လိုလာပြီ”ဟု ၎င်းကရှင်းပြသည်။

ထောင်ဝင်စာပစ္စည်းများကို ရှာဖွေရေးအဆောင်တွင် စစ်ဆေးရာမှ ကာလ တန်ဖိုး ကျပ် ၈၅၀၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အိုးဘိုအကျဉ်းထောင်သို့ သွား ရောက်စစ်ဆေးခဲ့သည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရ သည်။

“ထောင်အတွင်းမှာဆိုတော့ တော်တော်များတယ်လို့ ပြောရမယ်။ ဒီလောက်အများကြီးဆိုတော့ ထောင်ထဲ မှာ ပြန်ဖြန့်ဖြူးဖို့လည်း ဖြစ်နိုင်ပါတယ်။ သေချာပေါက်တော့ ပြောလို့မရဘူး။ စစ် ဆေးမှုတွေလုပ်ပြီးမှ အကြောင်းစုံသိရမှာပါ” ဟု မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ (မန္တလေး) တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဆန်းက ပြောကြားသည်။

လက်ရှိတွင် အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးများ တင်သွင်းလာသည့် အချုပ်သားကျော်ဦးကို အောင်မြေသာစံမြို့နယ် အမှတ် (၂) နယ်မြေရဲစန်းက မယ(ပ) ၂/ ၂၀၁၈ ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၁၅/၁၉ (က)/ ၂၁ အရ ထပ်မံအမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

M-04