News

POST TYPE

MANDALAY

ပုသိမ် - မုံရွာလမ်းတွင် ကျည်ဆန်များထည့်ထားသည့် အထုပ်တွေ့
09-Feb-2018

ဟင်္သာတ၊ ဖေဖော်ဝါရီ ၈

ပုသိမ် - မုံရွာလမ်းပေါ်တွင် လမ်းလျှောက်လာသူ အမျိုးသမီးနှစ်ဦးက ကျည်ဆန်များထည့်ထားသည့်အထုပ်ကို တွေ့ရှိကောက်ရခဲ့သည့်အတွက် နယ်မြေခံစစ်တပ်ထံသို့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က အပ်နှံခဲ့ကြောင်း အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသ၊ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း တပ်ကြပ်ကြီးတစ်ဦးက ပြောကြားသည်။ 

ကွင်းကောက်ဒေသ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် တပ်ကြပ်ထွန်းမြင့်သည် လေ့ကျင့်ရေးသင်တန်းကျောင်းအတွက် အုန်းပျိုးပင်ကိစ္စဖြင့် မကျီးပင်ကွင်းရွာသို့ သွားရောက်ခဲ့ပြီး ယင်းကျေးရွာမှ အပြန် ပုသိမ် - မုံရွာလမ်း မိုင်တိုင်အမှတ် ၉၆/၆ နှင့် ၉၆/၇ အကြားတွင် အဆိုပါ အမည်မသိအမျိုးသမီးနှစ်ဦးနှင့် တွေ့ရှိခဲ့ပြီး ကောက်ရသည့်ကျည်ဆန်ထုပ်ကို ယင်းအမျိုးသမီးနှစ်ဦးက ၎င်းထံ အပ်နှံခဲ့ခြင်းဖြစ်သည်။ 

ယင်းနောက် အဆိုပါအမျိုးသမီးများအပ်နှံခဲ့သည့် ကျည်ဆန်ထုပ်ကို စစ်ဆေးကြည့်ရာ တရုတ်သွားတိုက်ဆေးဘူးဖြင့် ထုပ်ထားပြီး တိပ်အမည်းဖြင့်ပတ်ထားသော ကာဘိုင်ကျည်ဆန်အတောင့် ၂၀ ကို တွေ့ရကြောင်း၊ ကျည်ဆန်များကို ပတ်ထားသည့် စာရွက်၌ “အလီမာမက် ကားဝယ်ပြီလား ငွေပို့ပြီ။ နမူနာဖြန့်ပေးပါ ထပ်ပို့ရန်ရှိ ဆရာမစီထပ်ပို့ ၄ လပိုင်းနောက်ပိုင်း စပို့”ဟု ရေးထားကြောင်း အင်္ဂပူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ 

အဆိုပါ ကျည်ဆန်များကို တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းရှိ အုပ်ချုပ်ရေးဌာနခွဲမှူး ဗိုလ်မှူးမင်းအောင်ထံ တပ်ကြပ်ထွန်းမြင့်က တစ်ဆင့်အပ်နှံပေးခဲ့ကြောင်း၊ ကျည်ဆန်များနှင့်ပတ်သက်၍ စတင်တွေ့ရှိခဲ့သူ အမည်မသိအမျိုးသမီးနှစ်ဦးကို စစ်ဆေးမေးမြန်းနိုင်ရေးနှင့် ကျည်ဆန်ထုပ် ကျကျန်ခဲ့သူကို ဖမ်းမိနိုင်ရေးအတွက် အင်္ဂပူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမင်းနှင့်အဖွဲ့က အနီးဝန်းကျင်ဒေသများကို စီးနင်းပိတ်ဆို့ရှာဖွေနေကြောင်း ယင်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

R-13