News

POST TYPE

MANDALAY

မန္တလေး မင်္ဂလာဈေး ဖြိုဖျက်ရန် သတ်မှတ် တင်ဒါဈေး အနီးကပ်ဆုံး ပေးနိုင်သည့် ကုမ္ပဏီနှင့် လုပ်ဆောင်မည်
10-Sep-2016
မန္တလေး၊ စက်တင်ဘာ ၁ဝ

မီးလောင်ခဲ့သည့် မင်္ဂလာဈေးကို ဖြိုဖျက်ရန် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက သတ်မှတ်ထားသည့် တင်ဒါဈေးနှင့် အနီးကပ်ဆုံး ပေးသွင်းနိုင်မည့် ကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းကော်မတီ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ 

“အခုဖြစ်နေတဲ့ ကိစ္စကို မြို့တော်ဝန်ဆီကိုလည်း တင်ပြမှာပါ။ ကော်မတီ တာဝန်ရှိသူတွေ အစည်းအဝေး ထိုင်ပြီး ဘယ်လို လုပ်မယ်ဆိုတာ ဆုံးဖြတ်မှာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါ တင်ဒါကို ဇူလိုင်လ ၁ ရက်နေ့က စတင် ခေါ်ယူခဲ့ခြင်းဖြစ်ရာ ကြမ်းခင်းဈေး အနေနှင့် ကျပ်သိန်း ၄ဝဝဝ သတ်မှတ် ထားသော်လည်း ယှဉ်ပြိုင်သည့် ကုမ္ပဏီများက ကျပ်သိန်း ၁၇ဝဝ ထိသာ ပေးသွင်းသောကြောင့် တင်ဒါခေါ်ယူမှု ပျက်ခဲ့ရကြောင်း တင်ဒါ တင်သွင်းသည့် လုပ်ငန်းရှင်များ အသိုင်းအဝိုင်းမှ စုံစမ်း သိရှိရသည်။

လက်ရှိတွင် ကုမ္ပဏီများက အမြင့်ဆုံး ပေးနိုင်သည့်ဈေးမှာ သတ်မှတ်တင်ဒါကြေးနှင့် များစွာ ကွာဟနေသည့်အတွက် စည်ပင်သာယာရေး ကော်မတီနှင့် လတ်တလော လက်တွဲ လုပ်ဆောင်နေသည့် ကုမ္ပဏီများ၊ ယခင်က လက်တွဲ လုပ်ဆောင်ခဲ့ဖူးသည့် ကုမ္ပဏီများနှင့် လက်တွဲ ဆောင်ရွက်သွားရန် ရှိကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ တာဝန်ရှိသူက ထပ်လောင်း ပြောဆိုသည်။

မတ်လအတွင်းက မီးလောင် ဆုံးရှုံးခဲ့သော မင်္ဂလာဈေးကို ဖြိုဖျက်ရန်အတွက် တင်ဒါ လျှောက်လွှာ ဝယ်ယူသူ ၂ဝဝ ကျော် ရှိသော်လည်း လျှောက်လွှာ တင်သွင်းသည့် ကုမ္ပဏီ ၂၂ ခုသာ ရှိခဲ့ကြောင်း၊ ယင်းတို့အနက် ကျပ်သိန်း ၁၇ဝဝ ထိပေးသူ ခုနစ်ဦးသာ ရှိပြီး ကုမ္ပဏီ အများစုမှာ ရန်ကုန်နှင့် အခြားမြို့များမှဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ မှတ်တမ်းများအရ သိရသည်။

မန္တလေး မင်္ဂလာဈေးကြီးသည် ၂ဝ၁၆ ခုနှစ် မတ်လ ၂၂ ရက်နေ့က မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ပျံကျဆိုင်ခန်း၊ အထည်ဆိုင်ခန်းများနှင့် လူနေတိုက်ခန်းများ ပျက်စီးခဲ့ရာ ကျပ်သိန်း တစ်သောင်းကျော် ဆုံးရှုံးခဲ့ရသည်။

အဆိုပါ မီးလောင်ကျွမ်းခဲ့သည့် မင်္ဂလာဈေး အသစ် ပြန်လည် တည်ဆောက်ရန်နှင့် အကြီးစား ပြုပြင်ရန် မဲခွဲ ဆုံးဖြတ်ရာမှ အသစ် ပြန်လည် တည်ဆောက် လိုသူများသောကြောင့် ဖြိုဖျက်ရန် တင်ဒါ ခေါ်ယူခဲ့ခြင်းလည်း ဖြစ်သည်။


  • VIA