News

POST TYPE

MANDALAY

ရေဆိုးစွန့်ပစ်စနစ် ကောင်းမွန်ရန် ADB ချေးငွေ ဒေါ်လာသန်း ၆ဝ ဖြင့် ဆောင်ရွက်မည်
10-Sep-2016

မန္တလေး၊ စက်တင်ဘာ ၁ဝ

မန္တလေးမြို့တော်အတွင်း ရေဆိုး စွန့်ပစ် စနစ် ကောင်းမွန်ရန် အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) ချေးငွေ အမေရိကန်ဒေါ်လာ သန်းခြောက်ဆယ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ (MCDC) ထံမှ သိရှိရသည်။ 

“စီမံကိန်းမှာ အဓိကကတော့ မန္တလေးမြို့ရဲ့ ရေဆိုးသန့်စင်စက်ရုံ တည်ဆောက်မယ်။ ရေဆိုးစွန့်ပစ် စနစ်ကို ကောင်းမွန်အောင် လုပ်မယ်။ ရေမြောင်းတွေ ကောင်းအောင် ဆောင်ရွက်မယ်။ ဘာအကျိုးကျေးဇူး ခံစားရမလဲဆိုရင် အဓိက မြောင်းကြီးတွေဖြစ်တဲ့ ရွှေတချောင်း၊ ငွေတချောင်း၊ မင်္ဂလာမြောင်း၊ သင်္ဂဇာ ချောင်းတွေ သန့်ရှင်း သာယာဖို့ ဖြစ်သွားမယ်။ ရေစီးရေလာ ကောင်းသွားမယ်”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ Project Managent Office ဌာနမှူး ဒေါ်ခင်မေဌေးက ပြောကြားသည်။

အဆိုပါ မြောင်း လေးခုအတွင်း ဝင်ရောက်သည့် အိမ်သုံး စွန့်ပစ်ရေ၊ မိုးရေ စသည်ဖြင့် ခွဲခြား စွန့်ပစ်နိုင်သည့်စနစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဆိုပါ မြောင်းများမှတစ်ဆင့် ရေဆိုးစွန့်ပစ်စက်ရုံ၊ ထိုမှတစ်ဆင့် Bio Gas ခေါ် စွမ်းအင် ထုတ်လုပ်သည့် နေရာသို့ ရောက်သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

MCDC နှင့် ADB တို့ ပူးပေါင်း ဆောင်ရွက်မည့် “မန္တလေးမြို့ပြ ဝန်ဆောင်မှု ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း”အတွက် ချေးငွေ သဘောတူညီမှု စာချုပ် Loan-Agreement (စီမံ/ ဘဏ္ဍာနှင့် ADB)၊ အကူအညီ အထောက်အပံ့ သဘောတူညီမှု စာချုပ် Grant Agreement (တိုင်း ဒေသကြီး အစိုးရနှင့် ADB )၊ စီမံကိန်း သဘောတူညီမှု စာချုပ် (Project Agreement)  (တိုင်းဒေသကြီးအစိုးရနှင့် ADB) နှင့် ထပ်ဆင့်ချေးငွေ သဘောတူညီမှု စာချုပ် On-Lending Agreement (စီမံ/ဘဏ္ဍာနှင့် တိုင်းဒေသကြီး အစိုးရ) များ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို စက်တင်ဘာလ ၉ ရက် မွန်းလွဲပိုင်းက စည်ပင်ခန်းမတွင် ပြုလုပ်ခဲ့ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန တာဝန်ရှိသူများ၊ ADB တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

“မန္တလေးမြို့ပြ ဝန်ဆောင်မှု ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း”၏ လုပ်ငန်းကာလမှာ ခုနစ်နှစ် ဖြစ်ပြီး ယင်းကာလကို ဆိုင်းငံ့ကာလအဖြစ် သတ်မှတ်ထားကာ အရင်း ပြန်ဆပ်စရာ မလိုဘဲ အတိုး တစ်ရာခိုင်နှုန်းကိုသာ ပေးရမည် ဖြစ်ကြောင်း၊ ယင်းကာလ ကျော်လွန်မှ ချေးငွေဆပ် ကာလကို ၃၂ နှစ် သတ်မှတ်ထားပြီး အတိုးနှုန်းမှာ ၁ ဒသမ ၅ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း ADB တာဝန်ရှိသူများထံမှ သိရသည်။


  • VIA