News

POST TYPE

MANDALAY

ပုဂံဘုရား သုံးဆူပေါ်မှနေ၍ ရှုမျှော်ခင်း ကြည့်နိုင်ပြီ
07-Sep-2016

မန္တလေး၊ စက်တင်ဘာ ၇

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားစေတီများ ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးခဲ့ရာ ရှုမျှော်ခင်း ကြည့်ရှုရန် ခွင့်ပြုထားသည့် ဘုရားများကိုလည်း ပိတ်ပင် ထားခဲ့ရာမှ စက်တင်ဘာလ ၇ ရက်နေ့က စ၍ ဘုရား သုံးဆူပေါ်မှနေ၍ ရှုမျှော်ခင်းများ ပြန်လည် ကြည့်ရှုနိုင်ပြီ ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ)ထံမှ သိရသည်။

မူလက ပုဂံ ရှုမျှော်ခင်းများကို ရွှေဆံတော်၊ ပြာသာဒ်ကြီး၊ ဗူးလည်သီး၊ တောင်ဂူနီ၊ မြောက်ဂူနီ၊ သစ္စာဝတီ၊ ပုဂံ မျှော် စသည့် ဘုရားများပေါ်သို့ တက်ရောက်ခွင့် ရရှိထားသော်လည်း လက်ရှိတွင် ရွှေဆံတော်၊ ပြာသာဒ်ကြီး၊ တောင်ဂူနီ စသည့် ဘုရား သုံးဆူကိုသာ ပြန်လည် ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ၎င်းက ပြောဆိုသည်။

“ဒီနေ့ (စက်တင်ဘာ ၇ ရက်) က စပြီး တက်မယ်ဆို တက်လို့ ရပါပြီ။ ကန့်သတ်ချက်တွေ ရုပ်သိမ်း ထားလိုက်ပါပြီ။ သို့သော်လည်း ငလျင်ဒဏ် ခံထားရတဲ့အတွက် ဘုရားပေါ် တက်မယ့်သူတွေ အနေနဲ့ ဂရုစိုက်ဖို့တော့ လိုပါတယ်။ ဘယ်လောက်ထိ ကြံ့ခိုင်ပါတယ် ဆိုတာကတော့ အာမခံချက် မပေးနိုင်ဘူး။ တက်မယ့်သူတွေ သတိထားပြီး တက်ဖို့ သတိပြုရမယ်”ဟု ၎င်းက ပြောကြားသည်။

သြဂုတ်လ  ၂၄ ရက်နေ့ ညနေ ၅ နာရီ ၁၄ မိနစ် ၅၅ စက္ကန့်အချိန်က မန္တလေး မြေငလျင် စခန်းမှ အနောက် တောင်ဘက် ၁၂၃ မိုင်ခန့် ကွာဝေးသော ချောက်မြို့၏ အနောက်တောင်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်တာ စကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အား ပြင်းထန်သော ငလျင် တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် ပုဂံယဉ်ကျေးမှု ဒေသရှိ ဘုရား စေတီ ၃၉၇ ခန့် ပျက်စီးခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 


  • VIA