News

POST TYPE

MANDALAY

ကောင်းမှုတော်ဘုရား ထုံးသင်္ကန်း ကပ်လှူလိုခြင်း ရှိ မရှိ သဘောထား ကောက်ခံ
05-Sep-2016

မန္တလေး၊ စက်တင်ဘာ ၅

စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာ ကောင်းမှုတော် ဘုရားကို ထုံးသင်္ကန်းများ ပြန်လည် ကပ်လှူမည် ( သို့မဟုတ် ) လက်ရှိအတိုင်း ရွှေသင်္ကန်းသာ ကပ်လှူမည် ဟူသော လူထု သဘောထားများ ကောက်ခံနေကြောင်း စစ်ကိုင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တွဲဖက် အတွင်းရေးမှူး ဦးလှဟန်မြင့်က ပြောကြားသည်။

“လက်မှတ်ထိုး ကောက်ခံတာတွေ လုပ်နေတယ်၊ ကျယ်ကျယ်ပြန့်ပြန့်တော့ မဟုတ်သေးဘူး။ ပြည်သူတွေက ထုံးသင်္ကန်း ပြန်ကပ်ချင်တယ်လို့  လာ ပြောတာဆိုတော့ လူထုသဘောကို လိုက်လျောတဲ့ သဘောပါ။ ထုံးသင်္ကန်း ကပ်ချင်သလား၊ ရွှေသင်္ကန်းအတိုင်း ဆက်ထားချင်သလား ဆိုပြီး လက်မှတ်ထိုး ကောက်ခံနေတာ”ဟု ၎င်းက ဆိုသည်။

အဆိုပါ အစီအစဉ်ကို သြဂုတ်လ ပထမပတ်ကတည်း စတင်နေခြင်းဖြစ်ရာ လက်ရှိ အချိန်အထိ လက်မှတ်ပေါင်း နှစ်ထောင်ကျော် ရရှိထားပြီ ဖြစ်ကြောင်း၊ ဒေသခံအများစုမှာ ထုံးသင်္ကန်း ပြန်လည်ကပ်လှူရန် ဆန္ဒရှိနေကြောင်း ဦးလှဟန်မြင့်က ရှင်းပြသည်။

လက်ရှိ လုပ်ဆောင်နေသာ အစီအစဉ်မှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခြင်း မဟုတ်ကြောင်း၊ ထုံးသင်္ကန်း ကပ်လှူခြင်း၏ ကောင်းကျိုး ဆိုးကျိုးများ၊ ရွှေသင်္ကန်း ကပ်လှူထားခြင်း၏ ကောင်းကျိုး ဆိုးကျိုးများကို ပညာရှင်များနှင့် ညှိနှိုင်း လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ပညာရှင်များ၏ ညွှန်ကြားချက်ရရှိမှသာ လက်ရှိ အစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်မည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ထံမှ သိရသည်။

ရာဇမဏိစူဠာ ကောင်းမှုတော် ဘုရားကြီး၏ ရွှေသင်္ကန်း သက်တမ်းမှာ တစ်နှစ်ခန့် ကျန်နေသေးကြောင်း ယင်းဘုရားဂေါပက အဖွဲ့ထံမှ သိရသည်။ 

“ရွှေသင်္ကန်း သက်တမ်း ကုန်သွားတဲ့အချိန်မှာ ရွှေသင်္ကန်းကပ်ရင် ကုန်မယ့် စရိတ်၊ ထုံးသင်္ကန်းကပ်ရင် ကုန်မယ့်စရိတ်တွေ တွက်နေတယ်။ ဒါက တစ်ချက်ပေါ့။ နည်းပညာပိုင်းအရ ပညာရှင်တွေနဲ့လည်း တိုင်ပင်နေတယ်။ လေ့လာနေတယ်။ ရလာတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပေးရမယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်က ပြောဆိုသည်။

လက်ရှိ ကပ်လှူထားသော ရွှေသင်္ကန်းသည် ၂ဝ၁ဝ နှစ်ကုန်ပိုင်းက ကပ်လှူထားခြင်းဖြစ်ပြီး ယင်းအချိန်က ကျပ် ၃၅၄ဝ သိန်းကုန်ကျကြောင်း ရာဇမဏိစူဠာ ကောင်းမှုတော် ဘုရားဂေါပက မှတ်တမ်းများအရ သိရသည်။

စစ်ကိုင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနှင့် လက်ရှိ ကောက်ခံရရှိထားသော သဘောထားများကို တိုင်းဒေသကြီး လွှတ်တော်သို့ ပေးပို့သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ် တွဲဖက် အတွင်းရေးမှူး ဦးလှဟန်မြင့်က ပြောဆိုသည်။


  • VIA