News

POST TYPE

MANDALAY

ချင်းပြည်နယ် လူမှုရေး ဝန်ကြီးဟောင်း လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်
02-Sep-2016
မန္တလေး၊ စက်တင်ဘာ ၂

ချင်းပြည်နယ် လူမှုရေးဝန်ကြီးဟောင်း ဒေါက်တာ ဘမောင်ကို ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပယ်ဖျက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်သည်။ 

ကန်ပက်လက်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဘမောင်သည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် တရားမဲ့ ပြုကျင့်မှုများ ပြုလုပ်ခဲ့သည်ဟု စစ်ဆေး ပေါ်ပေါက်သဖြင့် ယင်းသို့ ပယ်ဖျက်လိုက်ခြင်း ဖြစ်ကြောင်း အဆိုပါကော်မရှင် သြဂုတ်လ ၃၁ ရက်နေ့က  ထုတ်ပြန်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာ ဘမောင်သည် ရွေးကောက်ပွဲ အောင်နိုင်ရန် မသမာသည့် နည်းလမ်းများ သုံးခဲ့သည်ဟုဆိုကာ ၎င်း၏ ပြိုင်ဘက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ကိုယ်စားလှယ်လောင်း ဦးဖွေအားက ပြီးခဲ့သည့် ဒီဇင်ဘာလက ကော်မရှင်သို့ ကန့်ကွက်လွှာ တင်ခဲ့သည်။ 

သို့သော်လည်း ဒေါက်တာ ဘမောင်ကမူ ရွေးကောက်ပွဲ ကာလအတွင်း မဲရရှိရန်အတွက် မသမာသည့် နည်းလမ်း အသုံးပြုခဲ့ခြင်း မရှိကြောင်း ပြောဆိုသည်။

ဒေါက်တာ ဘမောင်သည် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၄ (က) အရ အယူခံမှု လျှောက်ထားရန် သတ်မှတ်ထားသည့် ကာလအတွင်း ကော်မရှင်သို့ လျှောက်ထားခဲ့ခြင်း မရှိသဖြင့် ၎င်းအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

“အယူခံ မလျှောက်တော့တာကလည်း သူတို့ကို နေရာ ပေးချင်လို့ မတင်ဖြစ်တာပါ။ ပြီးခဲ့တဲ့ ငါးနှစ်လုံးလုံးလည်း ပြည်နယ်အတွက် အကောင်းဆုံး လုပ်ခဲ့ပြီးပြီပဲ”ဟု ဒေါက်တာဘမောင်က ပြောဆိုသည်။

ဒေါက်တာ ဘမောင်ကို ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်လိုက်သည့် ကန်ပက်လက်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ၏ လက်ရှိ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်မှာ ဦးဖွေအားဖြစ်ကြောင်း ကော်မရှင်က ကြေညာသည်။


  • VIA