News

POST TYPE

MANDALAY

မန္တလေး သုခရိပ်မြုံ လူငယ် ပရဟိတဂေဟာ ရွှေလူသားဆု ချီးမြှင့်ခံရ
01-Sep-2016
မန္တလေး၊ စက်တင်ဘာ ၁

မတ္တရာမြို့တွင် အခြေစိုက်၍ ပညာဒါန သင်ကြားပေးနေသော ရေနည်းငါးလေးများ ပရဟိတအဖွဲ့က မန္တလေးမြို့ရှိ  သုခရိပ်မြုံ လူငယ် ပရဟိတ ဂေဟာကို စက်တင်ဘာလ ၁ ရက်နေ့က ရွှေလူသားဆု ချီးမြှင့်လိုက်သည်။

ဝ၁၅ ခုနှစ်အတွက် ရေနည်းငါးလေးများ ရွှေလူသားဆု ချီးမြှင့်ပေး အပ်ခဲ့ခြင်းဖြစ်ကြောင်း ရေနည်းငါးလေးများ ရွှေပရဟိတအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်နိုင်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ တစ်ဝန်း၌ရှိပြီး ပရဟိတ လုပ်ငန်းများ ပြုလုပ်နေကြသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ချီးမြှင့်ခြင်းဖြစ်ကြောင်း၊ ရေနည်းငါးလေးများ ရွှေလူသားဆု ချီးမြှင့်ရာတွင် ပရဟိတ အမှုပြုကြသော လူပုဂ္ဂိုလ်များကို တန်ဖိုးထား အားပေးသောအားဖြင့်  ရွေးချယ် ချီးမြှင့်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ရေနည်းငါးလေးများ ရွှေပရဟိတအဖွဲ့က ချီးမြှင့်သည့် ရွှေလူသားဆုကို ပရဟိတ အကျိုး ဆောင်ရွက်နေကြသော စာရေးဆရာမ သန်းမြင့်အောင်၊ သန်းထွန်း (ရွှေဘို)၊ မိုးဟိန်း (သားဂျာနယ်ကျော်)၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ဒေါ်ဖြူဖြူသင်းနှင့် ONE MORE အဖွဲ့တို့အား ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း ဦးခင်မောင်နိုင်ဦးက ဆက်လက် ပြောကြားသည်။

ရေနည်းငါးလေးများ ရွှေပရဟိတ အဖွဲ့ကို  မတ္တရာမြို့၌ ၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိ အချိန်အထိ တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူများအား အခမဲ့ ပညာဒါနပြု သင်ကြားပေးနေသော အဖွဲ့အစည်း တစ်ခု ဖြစ်သည်။

လက်ရှိ အချိန်အထိ တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူ ၂ဝဝဝ နီးပါးကို ပညာဒါန သင်ကြားပေးနေသည့် ယင်းအဖွဲ့သည့် နှစ်စဉ် ပြာသိုလပြည့်နေ့ ရောက်တိုင်း အမေနေ့ အခမ်းအနားနှင့်အတူ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်ခြင်း၊ စာပေဆုများ ပေးအပ်ခြင်းတို့ ပြုလုပ်နေသည့် အဖွဲဲ့လည်း ဖြစ်သည်။


  • VIA