News

POST TYPE

MANDALAY

ပုဂံရှိ စေတီ၊ ပုထိုးများပြုပြင်ရန် ၆ ရက်အတွင်း လှူဒါန်းငွေ ကျပ်သိန်းပေါင်း တစ်သောင်းခြောက်ထောင်ကျော် ရရှိထားဟုဆို
31-Aug-2016
မန္တလေး၊ သြဂုတ် ၃၁

ငလျင်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ရှေးဟောင်းစေတီ၊ ပုထိုးများနှင့် သာသနိကအဆောက်အအုံများ ပြန်လည် ပြုပြင် ထိန်းသိမ်းရန်အတွက် ခြောက်ရက်တာ ကာလအတွင်း လှူဒါန်းငွေ ကျပ် သိန်းပေါင်း တစ်သောင်း ခြောက်ထောင်ကျော် ရရှိထားပြီးဖြစ်ကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောကြားသည်။

သြဂုတ်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၃ဝ ရက်နေ့ထိ လှူဒါန်းငွေ ကျပ် ၁၆၂၉၆ သိန်းနှင့် အမေရိကန် ဒေါ်လာ နှစ်ရာ ရရှိခဲ့ပြီးဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“လက်ရှိ အနေအထားကတော့ ပျက်စီးသွားတဲ့ ဘုရားတွေကို ပြန်ပြင်ဖို့အတွက် ကုန်ကျစရိတ် တွက်တဲ့အဆင့်ကို မရောက်သေးဘူး။ မှတ်တမ်းတင်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ပြီးတော့မှ သိမ်းဆည်းရေးတွေ လုပ်ရမယ်။ ပြီးတော့မှ ပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ ဘယ်ဘုရားကတော့ ဘယ်လောက် ပျက်စီးတယ်၊ ခိုင်ခံ့မှုရှိအောင် ဘယ်လိုပြင်မယ်၊ ကုန်ကျစရိတ်ကတော့ ဘယ်လောက် ရှိနိုင်တယ် ဆိုတာတွေသိရမယ်”ဟု ဦးစိုးတင့်က ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၁၄ မိနစ် ၅၅ စက္ကန့်က မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၁၂၃ မိုင်ခန့် ကွာဝေးသော ချောက်မြို့၏ အနောက် တောင်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာ စကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန် ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ 

ယင်းငလျင်ဒဏ်ကြောင့် ပုဂံယဉ်ကျေးမှု ဒေသရှိ ဘုရားစေတီ  ၃၉၇ ဆူ ထိခိုက် ပျက်စီးခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းပျက်စီးသွားသည့် ဘုရား စေတီပုထိုးများနှင့် ပတ်သက်၍ ဘက်စုံ ပြုပြင်ရန်အတွက် အလှူငွေ ထည့်ဝင်ခြင်းများ ရှိသကဲ့သို့ ဘုရား တစ်ဆူချင်းအလိုက် တစ်ဦးချင်း အလှူရှင်များက လှူဒါန်းရန် ကမ်းလှမ်းခြင်းများ ရှိနေကြောင်း ညောင်ဦး ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ  သိရသည်။

“မေတ္တာ ရပ်ခံထားတယ်။ ဒီ အတွက်တော့ ကျွန်တော်တို့က မှတ်တမ်း ယူထားတယ်။ ဆက်သွယ်ရမယ့် လိပ်စာ ယူထားတယ်။ မှတ်တမ်းတင် သိမ်းဆည်းရေး လုပ်မယ်။ ကုန်ကျစရိတ်တွေ ရတော့မှ စေတီပုထိုး ဘွဲ့တော်နဲ့ ကုန်ကျစရိတ်ကို ပြန်အကြောင်းကြားပေးမယ်”ဟု ဦးစိုးတင့်က ပြောဆိုသည်။

လက်ရှိတွင် ငလျင်ကြောင့် ပြိုကျ ပျက်စီးခဲ့ရသည့် စေတီ၊ ပုထိုးများ မိုးရေကြောင့် ပိုမို မပျက်စီးစေရန် အမိုးအကာ အုပ်မိုးခြင်း လုပ်ငန်းများအတွက် ကုန်ကျစရိတ်များကို ဘက်စုံ ပြုပြင်ထိန်းသိမ်းရန် လှူဒါန်းထားသည့် အလှူငွေများမှ ထုတ်ယူ သုံးစွဲလျက်ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။


  • VIA