News

POST TYPE

MANDALAY

မန္တလေးနှင့် ပုဂံဒေသတွင် မှုခင်းလျော့ကျရေး လျှပ်စစ်မီးနှင့် အင်တာနက်ဝိုင်ဖိုင်ပါ တိုင်များစိုက်ရန် စီစဉ်
31-Aug-2016

မန္တလေး၊ ဩဂုတ် ၃၀

ပြည်တွင်း၊ ပြည်ပ ခရီးသွားများ အဓိက သွားရောက်ရာ ဒေသများဖြစ်သည့် မန္တလေးမြို့နှင့် ညောင်ဦးမြို့နယ် ပုဂံဒေသတို့တွင် လုယက်မှုနှင့် မှုခင်းများ လျော့ကျစေရန်အတွက် လျှပ်စစ်မီးနှင့်  အင်တာနက်ဝိုင်ဖိုင်ပါ တိုင်များကို စိုက်ထူနိုင်ရန် စီစဉ်နေကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

ယင်းတိုင်များ စိုက်ထူနိုင်ရန် မန္တလေးခရိုင် ခုနစ်မြို့နယ်တွင် ကနဦး လုပ်ဆောင်သွားမည်ဖြစ်ပြီး ရပ်ကွက်များရှိ အမှောင်ရိပ်ကျသည့်နေရာများ စာရင်းကို တင်ပြခိုင်းထားကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောကြားသည်။

“တိုင်တစ်တိုင်မှာ မီးနှစ်ခု ဘယ်၊ ညာ ပါမယ်။ အပေါ်က ဆိုလာပါမယ်။ နောက် အင်တာနက်ဝိုင်ဖိုင်ပါမယ်။ Amarican Brand ကုမ္ပဏီတစ်ခုက လာပြီးတင်ပြတာပါ။ အကုန်လုံး သူတို့ပဲ အကုန်အကျခံပြီးလုပ်မှာ။ အထူးသဖြင့် ကမ်းနားလမ်းနဲ့ ကန်တော်ကြီးလို နေရာမျိုးတွေမှာ မှုခင်းတွေ အဖြစ်များတယ်လို့ သိရတယ်။ အဲဒီနေရာတွေမှာ တပ်ဆင်သွားမယ်။ ဘယ်နေရာတွေ တပ်မယ်ဆိုတာကတော့ ကုမ္ပဏီဘက်က ဆာဗေးလုပ်ရမယ်” ဟု ဝန်ကြီးက ဆိုသည်။


လျှပ်စစ်မီးများ တပ်ဆင်ရခြင်းမှာ အလင်းရောင်ရှိလျှင် မှုခင်းကျဆင်းရေးအတွက် အထောက်အကူ ပြုနိုင်သဖြင့် တပ်ဆင်ခြင်းဖြစ်ပြီး အင်တာနက်ဝိုင်ဖိုင်မှာ မှုခင်းဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ  လူမှုကွန်ရက်စာမျက်နှာတို့ မှတစ်ဆင့် အကြောင်းကြားနိုင်သဖြင့် ယင်းကဲ့သို့ မီးနှင့် အင်တာနက်ဝိုင်ဖိုင်ပါ တိုင်များ စိုက်ထူခြင်းဖြစ်ကာ ပြုလုပ်မည့် ကုမ္ပဏီကိုမူ မကြာခင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ဦးစိုင်းကျော်ဇောက ရှင်းပြသည်။

“မန္တလေးက ဖေ့စ်ဘွတ်အားကောင်းတယ်။ မီးလောင်တာ၊ လုယက်တာ၊ ယာဉ်တိုက်မှု စတာတွေကို သိတဲ့သူတွေက ဖေ့စ်ဘွတ်မှာ တင်တတ်ကြတယ်။ ဟိုတစ်ခါ ကမ်းနားလမ်းက မူးယစ်ဆေးဖမ်းလိုက်ကြတာလည်း ဖေ့စ်ဘွတ်မှာ နာမည်စာရင်းအတိအကျနဲ့ တင်ပြလိုက်လို့ ဆင်းဖမ်းတာလို့ ပြောရမယ်။ အဓိက လက်သည်တွေ မိတာ မမိတာတော့ တစ်ပိုင်းပေါ့။ ဒီလို တင်ပြတာမျိုးတွေကို အစိုးရဘက်က အလေးထားတယ်ဆိုတာသိရတော့ ပြည်သူတွေအတွက် ပူးပေါင်းပါဝင်လို့ အဆင်ပြေတာပေါ့” ဟု မန္တလေးဒေသခံ လူငယ်တစ်ဦးကဆိုသည်။

ပေလေးဆယ် (၁၂ မီတာခွဲ) အမြင့်ရှိ တိုင်များကို ပေ ၁၅၀ အကွာတွင် တစ်တိုင်နှုန်းဖြင့် စိုက်ထူသွားမည်ဖြစ်ပြီး ရည်ရွယ်ချက် အောင်မြင်ပါက ရှေးဟောင်းပုဂံမြို့တော်သို့ လာရောက်သည့် ခရီးသွားများ အဆင်ပြေစေရန်အတွက် အဆိုပါတိုင်များကို ထပ်မံ စိုက်ထူသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံမှ ထပ်မံသိရသည်။                                             




  • VIA