News

POST TYPE

MANDALAY

သပိတ်ကျင်းတွင် အမည်မသိ ရွှေချက်စက်ရုံတည်ဆောက်မှု ဒေသခံများဝေဖန်
31-Aug-2016
သပိတ်ကျင်း၊ သြဂုတ် ၃၀

တရားမဝင် ရွှေထုတ်လုပ်မှု အများဆုံး တည်ရှိရာ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ကွင်းသုံးဆယ်ကျေးရွာရှိ ဆန်ဖွတ်တောင်အနီးတွင် အမျိုးအမည်မသိသည့် ရွှေချက်စက်ရုံ တစ်ရုံ လာရောက်တည်ဆောက်မှုသည် ပွင့်လင်းမြင်သာမှု မရှိကြောင်း ပြောကြားသည်။

ယင်းစက်ရုံကို လက်ရှိ ၂၀၁၆ ခုနှစ် ဇွန်လဆန်းမှ စတင် တည်ဆောက်လျက်ရှိကာ သြဂုတ်လ ၃၀ ရက်နေ့ထိ ကျေးရွာဒေသခံများကို ချပြရှင်းလင်းခြင်း မရှိသကဲ့သို့ မည်သည့်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မည်ကိုလည်း မသိရှိကြရသေးကြောင်း အဆိုပါ ဒေသ ဖွံ့ဖြိုးရေးဆောင်ရွက်နေသည့် ဦးမောင်ကြီးက ပြောကြားသည်။

"အရပ်သား အစိုးရသစ်အနေနဲ့ကတော့ အထက်မှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာ ကောင်းပါတယ်။ မကောင်းတာကတော့ ကျွန်တော်တို့ မြို့နယ်အောက်ခြေ အဖွဲ့အစည်းတွေ။ ဘာလို့လဲဆိုတော့ လူထုက မှောင်ခိုလုပ်ကိုင်မှုတွေကို တိုင်ရင် အချိန်ဆွဲပြီးနေတာနဲ့ လွတ်သွားတာက များတယ်။ လုပ်ငန်းရှင် ခရိုနီနဲ့ ကုမ္ပဏီတွေက တိုင်လိုက်ရင်တော့ ပြည်သူတွေကို ချက်ချင်းအရေးယူ ဆောင်ရွက်နေတာ။ အခုလည်း လုပ်ကွက်ဆိုင်းဘုတ်မရှိ ဘာလုပ်ကိုင်မယ်ဆိုတာ မသိတဲ့ စက်ရုံကို ဆောက်နေ တယ်" ဟု ၎င်းက ထပ်မံဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့ကလည်း ဝက်သေကျေးရွာမြေပေါ်တွင် တရုတ်နိုင်ငံသားတစ်ဦးက အခိုင်အမာ တည်ဆောက်ထားသော ရွှေချက်စက်ရုံကို ဖျက်သိမ်းပေးရန် မြို့နယ်အဆင့်ဆင့်မှ ညွှန်ကြားထားသော်လည်း မဖျက်သိမ်းဘဲ လုပ်ငန်း လုပ်ကိုင်ရန် ပြင်ဆင်နေ၍ ဒေသခံများက ထပ်မံတိုင်ကြားရာ သြဂုတ်လ ၂၁ ရက်နေ့က ဌာနဆိုင်ရာ တာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းချိန်တွင် စက်ရုံသာရှိ၍ တရုတ်နိုင်ငံသားများ မရှိတော့ကြောင်း ဦးမောင်ကြီးက ဆက်လက်ရှင်းပြသည်။

ကျေးရွာအတွင်းအနီးရှိ အမျိုးအမည်မသိ စက်ရုံတည်ဆောက်လုပ်ကိုင်ခြင်းကို မြို့နယ်ကျေးရွာ အုပ်ချုပ်ရေးမှူးများသို့ အသိပေး အကြောင်းကြားခြင်း မရှိသကဲ့သို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှလည်း တရားဝင်လုပ်ကိုင်ခွင့် ခွင့်ပြုမိန့် ချထားပေးခြင်း မရှိကြောင်း သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဦးက ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မန္တလေးတိုင်း ဒေသကြီးအမှတ် ၂ သတ္တုတွင်း လုပ်ငန်းရုံးသို့ ဆက်သွယ်မေးမြန်းရာ  တရားမဝင် ရွှေတူးဖော်မှုများနှင့် ပတ်သက်၍  ပြည်သူများ တိုင်ကြားလာပါက  အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ကာ သတ္တုတွင်းဥပဒေများဖြင့် ထိရောက်စွာ အရေးယူ တင်ပြရန် နယ်မြေတာဝန်ခံများကို ညွှန်ကြားထားပြီးဖြစ်ကြောင်း အမှတ် ၂ သတ္တုတွင်းလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားသည်။


  • VIA