News

POST TYPE

MANDALAY

သက်မဲ့ ခန္ဓာကိုယ်များကို သက်ရှိအတိုင်း ထိန်းသိမ်းနိုင်သည့် နည်းပညာ မန္တလေး ဆေးတက္ကသိုလ်တွင် စတင် အသုံးပြု
29-Aug-2016
မန္တလေး၊ သြဂုတ် ၂၉

ဆေးတက္ကသိုလ် ကျောင်းသားများနှင့် ဘွဲ့လွန်တန်း ကျောင်းသား (ဆရာဝန်များ)အတွက် လှူဒါန်းထားသည့် သက်မဲ့ ခန္ဓာကိုယ်များကို သက်ရှိ ခန္ဓာကိုယ်များအတိုင်း ထိန်းသိမ်းနိုင်ပြီး ပိုမို ကောင်းမွန်စွာ လေ့လာနိုင်မည့် နည်းပညာကို မြန်မာတစ်နိုင်ငံလုံး အနေနှင့် မန္တလေး ဆေးတက္ကသိုလ်တွင် ပထမဆုံး စတင် အသုံးပြုနေပြီ ဖြစ်ကြောင်း ယင်းတက္ကသိုလ် တာဝန်ရှိသူများထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ခန္ဓာကိုယ်များကို ကြာရှည်စွာ ထိန်းသိမ်းနိုင်ရန် ယခင်က ဖော်မလင်ကို အသုံးပြုခဲ့ကြရာမှ အနောက်နိုင်ငံများတွင် ပြီးခဲ့သည့် နှစ်ပေါင်း များစွာကတည်းက အသုံးပြုနေပြီဖြစ်သည့် သက်ရှိ ခန္ဓာကိုယ်အတိုင်း ထိန်းသိမ်းနိုင်သည့် ဆေးရည် (Saturated Salt Solution – SSS ) အသုံးပြု ထိန်းသိမ်းထားမည့် ဓာတ်ခွဲခန်း(Cadaveric Surgical Training Centre) ကို သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၉ နာရီက ဆေးတက္ကသိုလ် (မန္တလေး) တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

“အရင်က ကိုယ်ခန္ဓာတွေကို ဖော်မလင် ထိုးပြီးတော့ပဲ ထိန်းသိမ်း ခဲ့ကြရတော့ ခန္ဓာကိုယ်တွေက ခြောက်ကပ်သွားတာ ဖြစ်တဲ့အတွက် ခန္ဓာဗေဒကို လေ့လာတဲ့ ဆရာဝန်လောင်း ကျောင်းသားတွေ၊ ဘွဲ့လွန် ကျောင်းသားတွေအတွက် အဆင် မပြေမှုတွေ ရှိခဲ့တယ်။ ခုစတင်အသုံးပြုတဲ့ နည်းပညာကတော့ ကိုယ်ခန္ဓာတွေကို သက်ရှိ ခန္ဓာကိုယ်တွေအတိုင်း ထိန်းသိမ်းနိုင်မှာ ဖြစ်တဲ့အတွက် ကျောင်းသားတွေအတွက် များစွာ အကျိုး ဖြစ်ထွန်းစေမှာပါ။ အဓိက ကတော့ ဘွဲ့လွန်တန်း ကျောင်းသားတွေအတွက်ပေါ့”ဟု အဆိုပါ ဓာတ်ခွဲခန်း ဖြစ်မြောက်ရေး စတင် ဆောင်ရွက်ခဲ့သည့် ခန္ဓာဗေဒ ဌာနမှူး ပါမောက္ခ ဒေါက်တာလဘန်ခွန်က ဆိုသည်။

ယခင်က အသုံးပြုခဲ့သည့် ဖော်မလင်ထိုးကာ ထိန်းသိမ်းထားသည့် ကိုယ်ခန္ဓာများသည် ဆေးတက္ကသိုလ် ကျောင်းသားများ လေ့လာရန် ပြည့်စုံ လုံလောက်သော်လည်း ဘွဲ့လွန် ကျောင်းသားများ အသေးစိတ် ခွဲစိတ် လေ့လာခြင်းများ အတွက်မူ အဆင်မပြေဘဲ ယခုစတင် အသုံးပြုသည့် (SSS) ဆေးရည်သည် သက်ရှိ ခန္ဓာကိုယ်များအတိုင်း ထိန်းသိမ်းထားနိုင်စွမ်း ရှိသည့်အတွက် ဘွဲ့လွန် ကျောင်းသားများအတွက် လွန်စွာ အထောက်အကူပြုကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဒုတိယနှစ် ကျောင်းသားလေးတွေ အတွက်ကတော့ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာ ဘာအစိတ်အပိုင်း ရှိတယ် ဆိုတာလောက်ပဲ လေ့လာရတာ ဖြစ်တဲ့အတွက် ခန္ဓာကိုယ်က ခြောက်နေလည်း အဆင်ပြေတယ်။ ဒါပေမဲ့ ဘွဲ့လွန်ကျောင်းသားတွေ အတွက်ကျတော့ အသေးစိတ် ခွဲစိတ်မှုတွေ လေ့လာဖို့ကျတော့ ဓားတောင် မတိုးတဲ့ ခန္ဓာကိုယ်တွေက ဘယ်လိုမှ လုပ်လို့ အဆင် မပြေတော့ဘူး။ ဒါကြောင့် အဲလို လေ့လာမှုတွေ လုပ်နိုင်ဖို့ ငွေကြေး မြောက်မြားစွာ အကုန်အကျ ခံပြီး နိုင်ငံခြားမှာ သွားရောက် လေ့လာရတာတွေ ရှိတယ်။ ဆရာဝန် အားလုံး ဒီလို သွားရောက် လေ့လာနိုင်ဖို့က မဖြစ်နိုင်တဲ့အတွက် အဲဒီ နည်းပညာကို ကိုယ့်နိုင်ငံမှာ လုပ်နိုင်ဖို့ အကောင်အထည် ဖော်လိုက်တာလည်း ဖြစ်ပါတယ်”ဟု ပါမောက္ခ ဒေါက်တာ လဘန်ခွန်က ရှင်းပြသည်။

Saturated Salt Solution (SSS) သည် ဖော်မလင် (Phormaline)၊ ဂလင့်စရင်း (Glyserine)၊ အယ်လ်ကိုဟော (Alchohol)၊ ဆား (Salt) နှင့် ဖီနောလ် (Phenol) စသည့် ဆေး ငါးမျိုးဖြင့် ပေါင်းစပ်ထားသည့် ဆေးရည် တစ်မျိုးဖြစ်ကာ ယင်းနည်းပညာသည် ဆေးတက္ကသိုလ် ကျောင်းသုံး စာအုပ်များတွင် ပါဝင် သင်ကြားခဲ့ရသည့် နည်းပညာ တစ်ခု ဖြစ်ပြီး အနောက်နိုင်ငံများတွင် ၁၉၉၂ ခုနှစ်ခန့်ကတည်းက အသုံးပြု နေကြကာ ဂျပန်နိုင်ငံတွင် ၁၉၉၈ ခုနှစ်ကတည်းက အသုံးပြုနေပြီ ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

Cadaveric Surgical Training Centre ဖွင့်လှစ်နိုင်ရေးအတွက် ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အစိုးရ အနေနှင့် ကျပ်သိန်း ၆၃၁ သိန်း တန်ဖိုးရှိ ပစ္စည်းများ ထောက်ပံ့ ကူညီထားပြီး အရပ်ဘက် အလှူရှင်များကလည်း လှူဒါန်း ထားသည်များဖြင့် အကောင်အထည် ဖော်ထားခြင်းဖြစ်ကြောင်း၊ ယင်းဓာတ်ခွဲခန်းတွင် လာမည့် စက်တင်ဘာလ ၂၉ ရက်နေ့မှ စတင်ကာ သင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယင်း တက္ကသိုလ် တာဝန်ရှိသူများထံမှ သိရသည်။ 


  • VIA