News

POST TYPE

MANDALAY

ကျွဲဆည်ကန်ကားကွင်း အမေရိကန်ဒေါ်လာ သန်း ၁၅၀ အသုံးပြု၍ အဆင့်မြှင့်မည်

မန္တလေး၊ အောက်တိုဘာ ၁၁

မန္တလေးမြို့တော်ရှိ အဝေးပြေး ခရီးသွား ကားကွင်းများအနက် အဓိက အရေးပါသည့် ချမ်းမြရွှေပြည်ကားကွင်း (ကျွဲဆည်ကန်) ကို အမေရိကန်ဒေါ်လာ သန်း ၁၅၀ အသုံးပြု၍ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ကာ အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ကားကွင်းကို အဆင့်မြှင်တင် တည်ဆောက်နိုင်ရန် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် m. Development Corporation (Myanmar ) Co.,Ltd. တို့အကြား လုပ်ငန်းသဘောတူစာချုပ် အောက်တိုဘာ ၁၀ ရက်နေ့က လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ခြင်းနှင့်ပတ်သက်၍ ၎င်းက ပြောကြားခြင်းဖြစ်သည်။

“လေယာဉ်ကွင်း စီမံခန့်ခွဲမှု ပုံစံအတိုင်း ကားတွေ ဆိုက်ရမယ့်နေရာ၊ ခရီးသည်ချမယ့် နေရာတစ်ခု၊ ခရီးသည်တွေ တက်စီးနိုင်မယ့် နေရာကတစ်ခု စတဲ့ပုံစံ မျိုးနဲ့လုပ်သွားမယ်။ လက်ရှိ အနေအထားအရ ဂိတ်ရှေ့မှာ ကားရပ်၊ ဂိတ်မှာလက်မှတ် ဝယ်ဆိုတဲ့ပုံစံမျိုး မဟုတ်ဘဲနဲ့ တစ်ချိန်တည်းမှာ ကားဘယ်လောက် ထွက်နိုင်မလဲပေါ် မူတည်ပြီး စီမံခန့်ခွဲမယ်။ ဒီလိုဆိုရင် မလိုအပ်ဘဲနဲ့ ရပ်ထားတာတွေ မရှိတော့ဘူး။ ခရီးသည်တွေအတွက် ကားစောင့်နေရင်းနဲ့ သက်သောင့်သက်သာ နေနိုင်အောင် လုပ်ထားပေးမယ်။ အဓိကတော့ ခရီးသွားတွေ အဆင့်မြင့်မြင့် သက်သောင့်သက်သာ နေလို့ရအောင် စီမံပေးမယ်”ဟု အဆိုပါ အကြီးတန်းအရာရှိက ရှင်းပြသည်။

ကားကွင်း အဆင့်မြှင့်တင် တည်ဆောက်နိုင်ရေးအတွက် လက်ရှိ အသုံးပြုနေသော ကားကွင်းကို ၂၀၁၈ ခုနှစ်အတွင်း တံခွန်တိုင် အဝိုင်းနားသို့ ယာယီ ပြောင်းရွှေ့ထားမည်ဖြစ်ကာ နိုင်ငံတကာ  စံသတ်မှတ်ထားသည့်နှုန်းများအတိုင်း ၂၀၂၀ ပြည့်နှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်၍ အမေရိကန် ဒေါ်လာ သန်း ၁၅၀ ကုန်ကျမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် m. Development Corporation (Myanmar) Co.,Ltd. ၏ သဘောတူစာချုပ်အရ သိရသည်။

ချမ်းမြရွှေပြည်ကားကွင်း (ကျွဲဆည်ကန်) သည် ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်ကြီးများ အပါအဝင် နေ့စဉ် ယာဉ်စီးရေ ၂၂၀ဝ ကျော် အဝင် အထွက်ရှိပြီး နေ့စဉ် ခရီးသွား ၄၈၀ဝ ကျော်ရှိကြောင်း၊ ကားဂိတ်ပေါင်း ၉၀ ကျော်တွင် ကားအသင်း ၁၄၀ ကျော်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာနရှိ စာရင်းများအရလည်း သိရသည်။

ချမ်းမြရွှေပြည်ကားကွင်း (ကျွဲဆည်ကန်) ရှိ ယာဉ်လိုင်းများသည် မြန်မာနိုင်ငံ အထက်ပိုင်း၊ အောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ မြို့များသို့ ထွက်ခွာရာ အဓိက ကားကွင်းတစ်ခုဖြစ်သည်။

M-05