POST TYPE

MANDALAY

ငြိမ်းချမ်းရေးဖြစ်စဉ် စကားဝိုင်း အထက်မြန်မာပြည် မြို့ကြီးငါးခုတွင် ဆက်တိုက် ကျင်းပမည်
မန္တလေး၊ အောက်တိုဘာ ၁၁

ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စုစနစ် စသည့် နိုင်ငံရေးနှင့် သက်ဆိုင်သော ဗဟုသုတများကို ပြည်သူလူထုထံ ချပြဆွေးနွေးပေးမည့် ရသပြည်ထောင်စုသစ် စကားဝိုင်း ဆွေးနွေးပွဲများကို အထက်မြန်မာပြည် မြို့ကြီးငါးခုတွင် ဆက်တိုက် ကျင်းပမည်ဖြစ်ကြောင်း PEN Myanmar Centre ထံမှ သိရသည်။

“ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ကိုယ်တိုင် ပါဝင်ခဲ့ကြတဲ့ စာရေးဆရာတွေ၊ နိုင်ငံရေး လေ့လာသူတွေက သူတို့သိသမျှ ပြည်သူတွေကို ပြန်လည် မျှဝေမှာဖြစ်ပါတယ်။ တချို့က ဖက်ဒရယ် ပြည်ထောင်စု ဆိုတာကို ကောင်းကောင်း မသိတဲ့သူတွေ ရှိတယ်။ ဖက်ဒရယ်စနစ်ဆိုတာ ဘယ်လိုမျိုးလည်းဆိုတာကို ကျွန်တော်တို့ သိသမျှကို ပြန်လည် မျှဝေပေးမှာ ဖြစ်ပါတယ်”ဟု ယင်းစင်တာ၏ ဥက္ကဋ္ဌ ဦးမျိုးမြင့်ညိမ်းက ပြောကြားသည်။

ရသပြည်ထောင်စုသစ် စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပရေး အကြိုသတင်းစာ ရှင်းလင်းပွဲကို မန္တလေးမြို့ရှိ မီဒီယာ စင်တာ (မန္တလေး) တွင် အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၏ တိုးတက်မှု အခြေအနေများ၊ ဖက်ဒရယ်ပြည်ထောင်စုသစ် ပေါ်ထွန်းရေး လုပ်ငန်းစဉ်များကို အများပြည်သူ သိရှိကာ ပူးပေါင်း ပါဝင်လာရေး ရည်ရွယ်ကာ ယခုကဲ့သို့ စကားဝိုင်းများ ကျင်းပခြင်းဖြစ်သည်ဟု ဦးမျိုးမြင့်ညိမ်းက ထပ်လောင်း ပြောဆိုသည်။

ယင်းစကားဝိုင်း ဆွေးနွေးပွဲများကို အောက်တိုဘာလ ၂၈ ရက်နေ့တွင် မန္တလေးမြို့ ၂၆ လမ်း၊ ၇၁ လမ်းနှင့် ၇၆ လမ်းကြားရှိ Methodist Church တွင် စတင်မည်ဖြစ်ကာ မြင်းခြံ၊ ပခုက္ကူ၊ မကွေးနှင့် မုံရွာမြို့တို့၌ တစ်လလျှင် တစ်မြို့စီ ဆက်တိုက် ကျင်းပမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

အဆိုပါ စကားဝိုင်းများတွင် နိုင်ငံရေး လေ့လာသူများနှင့် စာရေးဆရာများ အချင်းချင်း ဆွေးနွေးဖလှယ်ခြင်း၊ ရသ စုန်ဆန် ရေးသူဖတ်သူ ဆွေးနွေးခြင်း၊ စာပေဟောပြောပွဲများ ပြုလုပ်ခြင်းများ ပါဝင်မည်ဖြစ်ကာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီမှ ဦးစိုင်းကျော်ညွန့်၊ ဒေါ်ခင်မမမျိုး၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဂျင်မီနှင့် ပန်မြန်မာမှ ဦးမျိုးမြင့်ညိမ်းတို့က ဦးဆောင်ဆွေးနွေးခြင်းများ အပါအဝင် စာရေးဆရာ၊ ကဗျာဆရာတို့ကလည်း ဟောပြောမှုများ ပြုလုပ်ပေးမည် ဖြစ်သည်။

M-04