News

POST TYPE

MANDALAY

စားသုံးသူအသင်း တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာသို့ တိုင်ကြားမှု ၁၃ ကြိမ်ရှိ
မန္တလေး၊ အောက်တိုဘာ ၁၁

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီး ဌာန (မန္တလေးတိုင်း) အောက်ရှိ စားသုံးသူအသင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာဖွင့်လှစ်ပြီး ငါးလအတွင်း တိုင်ကြားမှု ၁၃ ကြိမ် ရှိနေပြီဖြစ်ကြောင်း ယင်းဦးစီးဌာနထံမှ သိရ သည်။

“ဒီစင်တာက ပြီးခဲ့တဲ့မေလကမှ ဖွင့်တာ။ စင်တာ မဖွင့်ခင်ကတည်းက စားသုံးသူတွေအနေနဲ့ နစ်နာရင် ဘယ်ကိုတိုင်ရင်ရမယ်ဆိုတာ ပညာပေးထားတယ်။ စင်တာ ဖွင့်လိုက်တဲ့နောက်ပိုင်းမှာ တိုင်ကြားမှုတွေ ရှိလာတယ်။ စားသုံးသူတွေအနေနဲ့ သူတို့ရဲ့ အခွင့်အရေးတွေကို သိလာတာ ဖြစ်ပါတယ်”ဟု စားသုံးသူရေးရာ ဦးစီးဌာန (မန္တလေးတိုင်း) လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဦးက ပြောကြားသည်။

မန္တလေးတိုင်းအတွင်း စားသုံးသူရေးရာ အငြင်းပွားမှု ဖြေရှင်းရေး တိုင်ကြားမှု လက်ခံသည့်ဌာနကို ယခုနှစ်မေလက ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်ကြားမှု ၁၃ ကြိမ်ရှိခဲ့ရာ ယင်းတို့အနက် ၁၂ မှုကို ပြီးပြတ်အောင် ဖြေရှင်းပေးနိုင်ခဲ့ပြီး ဖြေရှင်းပေးရန် တစ်မှုသာ ကျန်တော့ကြောင်း ယင်းစင်တာထံမှ သိရသည်။

“ကုန်စည်တွေ၊ ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး နစ်နာဆုံးရှုံးမှုတွေကို ဖြေရှင်းပေးတယ်။ တိုင်ကြားမှုတွေထဲမှာ မန္တလေးတိုင်းက အများဆုံးပဲ။ ဒါကလည်း ပြည်သူတွေကို အသိပညာ ပေးတာတွေ လုပ်ရာက သိလာတာလို့ ပြောရမယ်”ဟု  ဦးကျော်ဦးက ပြောဆိုသည်။

ဖြေရှင်းပေးခဲ့မှုများတွင် အမျိုးသား စားသောက်ကုန် ဥပဒေပုဒ်မ ၂၈ (က) အရ ဒဏ်ငွေကျပ်တစ်သိန်းနှင့် ထောင်ဒဏ် အပြစ်ပေးရသည့်အမှု တစ်ခုရှိခဲ့ပြီး လုပ်ငန်း ယာယီ (သို့မဟုတ်) အပြီးတိုင် ပိတ်သိမ်းခြင်း၊ သတိပေးခြင်း၊ လျော်ကြေးပေးစေခြင်း၊ ဈေးကွက်အတွင်းမှ ကုန်ပစ္စည်းများ ပြန်လည် သိမ်းယူခြင်း၊ စားသုံးသူ ဘေးဥပဒ်ဖြစ်စေသော ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်း တို့ဖြင့် အရေးယူကြောင်း စားသုံးသူရေးရာ ဦးစီးဌာန (မန္တလေးတိုင်း) ထံမှ သိရသည်။

စားသုံးသူများအနေနှင့် မိမိတို့ ဝယ်ယူ အသုံးပြုသည့်ပစ္စည်းများ၊ စားသောက်ကုန်များနှင့် ပတ်သက်၍ စားသုံးသူ အခွင့်အရေးနှင့် ကိုက်ညီမှု မရှိကြောင်း ထင်မြင်ယူဆပါက ချမ်းအေးသာစံမြို့နယ် ၃၅ လမ်းနှင့် ၆၅ လမ်းထောင့်ရှိ၊ မန္တလေးတိုင်း စားသူသုံးရေးရာ ဦးစီးဌာနရုံး၊ စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေး၊ တိုင်ကြားမှုများ လက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ စာဖြင့်လည်းကောင်း၊ လူကိုယ်တိုင် လည်းကောင်း၊ ဖုန်း ဝ၂ -၃၆၃၃၉၊ ဝ၂-၃၆၃၄၀ တို့သို့လည်းကောင်း ဆက်သွယ် တိုင်ကြားနိုင်သည်။

M-04