News

POST TYPE

MANDALAY

ပြည်တွင်းထွက် ကြက်သွန်နီ ဈေးမြင့်၊ တရုတ်ကြက်သွန် အရောင်းအဝယ်သွက်
11-Oct-2017 tagged as မန္တလေး


မန္တလေး၊ အောက်တိုဘာ ၁၀

မန္တလေးမြို့တော် ကုန်စိမ်းဈေးကွက်အတွင်း ပြည်တွင်းထွက် ကြက်သွန်နီ ဈေးမြင့်နေသောကြောင့် တရုတ်နိုင်ငံမှတင်သွင်းသည့် ကြက်သွန်နီများ အရောင်းအဝယ်သွက်ကြောင်း မန္တလေးတိုင်း စားဖို့ ဆောင်သီးနှံများအသင်းထံမှ သိရသည်။

ပြည်တွင်းကထွက်ရှိသော ကြက်သွန်နီသည် တစ်ပိဿာလျှင် ၂၂၀ဝ ကျပ် ဈေးရှိနေပြီး တရုတ်ကြက်သွန်နီသည် တစ်ပိဿာလျှင် ၈၀ဝ ကျပ်သာ ရှိသည့်အတွက် ဈေးကွက်အတွင်း တရုတ်ကြက်သွန်နီ အရောင်းအဝယ် သွက်နေခြင်းဖြစ်သည်ဟု ယင်းအသင်း အထွေထွေ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

“အရည်အသွေးကတော့ မြန်မာကြက်သွန်ကို မမီဘူး။ အထားမခံဘူးဆိုပေမယ့် ဈေးကွက်မှာ တရုတ်ကြက်သွန်က ပိုသွက်နေတယ်။ ဈေးအရမ်းကွာနေပေမယ့် အခုနောက်ပိုင်းမှာ တရုတ်က မြန်မာအကြိုက် ကြက်သွန်တွေ စိုက်နေတယ်လို့ ကြားတယ်”ဟု ၎င်းက ပြောဆိုသည်။

နိုဝင်ဘာလအတွင်း ပြည်တွင်း ကြက်သွန်နီအသစ်များ ထွက်ပေါ်လာမည်ဖြစ်ကာ အောက်တိုဘာလ ပထမပတ်အတွင်းက ရွာသွန်းခဲ့သည့်မိုးကြောင့် ကြက်သွန်နီခင်းများ ရေဝင်ခဲ့သော်လည်း ပျက်စီးမှု မရှိကြောင်း မြင်းခြံမြို့နယ်အတွင်းရှိ ကြက်သွန်စိုက် တောင်သူအချို့ထံမှ သိရသည်။

“တရုတ်ကြက်သွန်နီတွေ ဝင်နေတယ်ဆိုတာက တရားမဝင် ဝင်နေတာ။ ကြက်သွန်စိုက်တောင်သူတွေအနေနဲ့ သုံးနှစ်လောက် ဆက်တိုက်ရှုံးခဲ့တာကြောင့် ဒီနှစ်မှာ စိုက်တဲ့တောင်သူလည်း နည်းတယ်”ဟု ဦးဝင်းမြင့်က ထပ်လောင်း ပြောဆိုသည်။

မြန်မာ့ကြက်သွန်နီ ဈေးမြင့်တက်နေမှုကြောင့် တရုတ်ကြက်သွန်နီများ ဇူလိုင် လကုန်ခန့်ကတည်းက တွဲကားများဖြင့် နေ့စဉ် ဝင်ရောက်ခဲ့ကြောင်း မန္တလေးမြို့ခံ ကုန်သည်များ အသိုင်းအဝိုင်းထံမှ သိရသည်။

M-04