News

POST TYPE

MANDALAY

မန္တလေး-ပြင်ဦးလွင် လမ်းသစ်စီမံကိန်း ရပ်ဆိုင်းထားသည်မှာ တစ်နှစ်ကျော်ကြာမြင့်

မန္တလေး၊ အောက်တိုဘာ ၁၀

ပုသိမ်ကြီးမြို့နယ်ကို ဖြတ်သန်း ဖောက်လုပ်နေသော မန္တလေး-ပြင်ဦးလွင် လမ်းသစ် ဖောက်လုပ်မှုစီမံကိန်း ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက် မရသေးသည့်အတွက် ရပ်ဆိုင်းထားသည်မှာ တစ်နှစ်ကျော် ရှိနေပြီဖြစ်ကြောင်း လုပ်ကိုင်ခွင့်ရရှိထားသော Axion Mandalay Highway Construction Co.,Ltd. ထံမှ သိရသည်။

“လတ်တလောမှာတော့ စီမံကိန်းလုပ်ငန်း လုပ်ဆောင်ဖို့ဆိုတာ ပြည်ထောင်စု အစိုးရအဖွဲ့ ခွင့်ပြုချက်ရဖို့ စောင့်နေပါတယ်။ ယန္တရားတွေ အားလုံး ရပ်ထားတယ်။ မန္တလေးတိုင်းအစိုးရအဖွဲ့က ကန့်ကွက်ထားတာမျိုး မရှိဘူး။ ပြည်ထောင်စု အစိုးရအဖွဲ့ ခွင့်ပြုချက်ရတဲ့အထိ စောင့်ဖို့ မှတ်ချက်ပေးထားတယ်။ ဒါကြောင့် စီမံကိန်း ရပ်ထားတာ”ဟု Axion Mandalay Highway Construction Co.,Ltd. တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေး-ပြင်ဦးလွင် လမ်းသစ်ကို ပုသိမ်ကြီးမြို့နယ်၊ လိန်ပိင်ရွာထိပ်မှ ပြင်ဦးလွင်မြို့နယ် တောင်ကျွန်းရွာအထိ လမ်းအရှည် (၂၂) မိုင်အတွက် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းက စတင် ဖောက်လုပ်ခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက် မရ မချင်း စီမံကိန်းလုပ်ငန်း ယာယီဆိုင်းငံရန် မန္တလေးတိုင်းအစိုးရအဖွဲ့က ၂၀၁၆ ခုနှစ်အတွင်းက ညွှန်ကြားထားခဲ့သည်။

“ဒီစီမံကိန်းကို ယာယီ ဆိုင်းငံ့ထားဖို့ ပြောထားတာ ၂၀၁၆ ခုနှစ်ကတည်းကပါ။ တိုင်းအစိုးရအဖွဲ့က ကန့်ကွက်ဖို့မရှိပေမယ့် ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ကို စောင့်ပါဆိုပြီး ပြောထားတာ။ အဲဒါကြောင့် လုပ်ငန်း ရပ်ဆိုင်းနေတာပါ။ ပြည်ထောင်စု အစိုးရအဖွဲ့ မှတ်ချက် အခုထိ ပြန်မလာသေးပါဘူး”ဟု မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောကြားသည်။

အဆိုပါလမ်းဖောက်လုပ်ရန် ၇ မိုင် ကျော်ရှိ လမ်းအူကြောင်း ဖောက်လုပ်ပြီးစီးနေပြီဖြစ်ကာ ပုသိမ်ကြီးမြို့နယ်ရှိ တောင်ကျွန်း သစ်တောကြိုးဝိုင်း (၃၁ ဒသမ ၈ ဧက)၊ တောင်ကျွန်းတိုးချဲ့သစ်တောကြိုး ဝိုင်း ၄၀ ဒသမ ၉ ဧကနှင့် ပြင်ဦးလွင် မြို့နယ်ရှိ စခန်းကြီးကြိုးဝိုင်း ၁၀၉ ဒသမ  ၁ ဧကတို့ကို ဖြတ်သန်း ဖောက်လုပ်မည်ဖြစ်ကြောင်း၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရန် လမ်းအကျယ် ၂၄ ပေ၊ အရေးပေါ်ယာဉ်များအတွက် လမ်းပခုံး ၈ ပေ အထိထား၍ လမ်းကွေ့များတွင် မြင်ကွင်းကောင်းစေရန် မျက်ကွယ်များ ရှင်းလင်းခြင်း၊ ချောက်ကမ်းပါးနေရာများတွင် အကာအရံများ တည်ဆောက်ခြင်း၊ သတိပေး ဆိုင်းဘုတ်များ၊ လမ်းအမှတ်အသားများ တပ်ဆင်ခြင်းနှင့် တံတား တည်ဆောက်ခြင်းများ လုပ်ဆောင်မည် ဖြစ်ကြောင်း လုပ်ငန်းစီမံကိန်း အချက်အလက်များအရ သိရသည်။ 

အောက်တိုဘာ ၃ ရက်နေ့က မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က တာဝန်ရှိသူများ အဆိုပါစီမံကိန်းဖောက် လုပ်မည့်နေရာသို့ လာရာက်ကြည့်ရှုခြင်းနှင့် ပတ်သက်၍ MIC က တာဝန်ရှိသူတွေအနေနဲ့ ပါမစ်ကျထားပြီး ရင်းနှီးမြှုပ်နှံထားသူတွေရဲ့ အခက်အခဲကို လိုက်ကြည့်တဲ့သဘောပါပဲ။ ဘာမှမှတ်ချက်ပေးမသွားခဲ့ပါဘူး”ဟု Axion Mandala Highway Construction Co.,Ltd. တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

လက်ရှိ အသုံးပြုနေသော မန္တလေး-ပြင်ဦးလွင် လမ်းဟောင်းသည် ၄၂ မိုင် ရှည်လျားရာ အဆိုပါ လမ်းသစ် ဖောက်လုပ်ပြီးပါက ယာဉ်မတော်တဆမှု အန္တရာယ် ဖြစ်နိုင်ခြေနှင့် ယာဉ်ကြောပိတ်ဆို့မှု လျော့ကျသွားမည့်အပြင် လမ်းဟောင်းထက်လည်း ၂၂ မိုင် လျော့နည်းသွားမည်ဖြစ်သည်။

M-04