POST TYPE

MANDALAY

ကျုံးဘေးတွင် အရက်သောက်သူများကို ဆက်တိုက်ဖမ်း၊ သုံးရက်အတွင်း ၁၈၀ ကျော်ဖမ်းမိ
11-Oct-2017 tagged as မန္တလေး

မန္တလေး၊ အောက်တိုဘာ ၁၀

မန္တလေးမြို့တော်၏ ကျုံးပတ်လည် နေရာများတွင် အရက်သေစာ သောက်စားခြင်းနှင့် မှောင်ရိပ်ခိုသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိရာ အောက်တိုဘာ ၇ ရက်နေ့မှ ၉ ရက်နေ့ ညအထိ သုံးရက်အတွင်း ဖမ်းဆီးခံရသူ ၁၈၀ ဦးရှိကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အောက်တိုဘာလ ၆ ရက်နေ့ ညက ကျုံးအရှေ့ဘက်ခြမ်း ၆၆ လမ်းတွင် အရက် ထိုင်သောက်နေသူ သုံးဦးကို ဆိုင်ကယ်စီးလာသူ ဆယ်ဦးခန့်က ဝိုင်းဝန်း ရိုက်နှက်ခဲ့သည့်အတွက် လူတစ်ဦး သေဆုံးသွားသည့် ဖြစ်စဉ်ကြောင့် အောက်တိုဘာလ ၇ ရက်နေ့ကစ၍ ရဲတပ်ဖွဲ့က ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေခြင်းလည်းဖြစ်သည်။ 

ရဲတပ်ဖွဲ့အနေနှင့် ကျုံးပတ်လည် နေရာများနှင့် မန္တလေးမြို့အဝင် (တံခွန်တိုင်အဝိုင်း) တွင် အုပ်စုဖွဲ့ အရက်သောက်နေသူများကို ဖမ်းဆီးခြင်းဖြစ်ရာ “သူတို့ ကို စွဲဆိုထားတဲ့အမှုက အာမခံပေးလို့ရတဲ့ အမှုဖြစ်တဲ့အတွက် အာမခံပေးထားပေမယ့် သက်ဆိုင်ရာမြို့နယ် တရားရုံးတွေမှာ တရားစွဲတင်မှာပါ။ နောက်ရက်တွေလည်း ဆက်ဖမ်းမှာပဲ”ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမျိုးအောင်က ပြောကြားသည်။

အောက်တိုဘာလ ၇ ရက်နေ့ ညက ကျုံးဘေးတွင် အရက် ထိုင်သောက်နေသော အမျိုးသား ၅၆ ဦး၊ တံခွန်တိုင်အဝိုင်းမှ အမျိုးသား ၁၆ ဦး၊ အောက်တိုဘာလ ၈ ရက်နေ့ညက ကျုံးဘေးတွင် အရက် ထိုင်သောက်နေသော အမျိုးသား ၄၈ ဦး၊ တံခွန်တိုင်အဝိုင်းမှ အမျိုးသား ခုနစ်ဦး၊ အောက်တိုဘာလ ၉ ရက်နေ့ ညက ကျုံးဘေးတွင် အရက် ထိုင်သောက်နေသော အမျိုးသား ၄၇ ဦး၊ အမျိုးသမီး လေးဦးနှင့် တံခွန်တိုင်အဝိုင်းမှ အမျိုးသား ကိုးဦး၊ စုစုပေါင်း ၁၈၇ ဦး ဖမ်းဆီးခဲ့ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

အောင်မြေသာစံမြို့နယ်အတွင်းရှိ နယ်မြေရဲစခန်းနှစ်ခု၊ ချမ်းအေးသာစံ မြို့နယ်အတွင်းရှိ ရဲစခန်းနှစ်ခုနှင့် ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့တို့ ပူးပေါင်း ဖမ်းဆီးနေခြင်းဖြစ်ပြီး ဖမ်းဆီးရမိသူများကို ရဲအက် ဥပဒေပုဒ်မ ၄၇ ဖြင့် အမှုဖွင့်ထားသည်။

M-04