News

POST TYPE

MANDALAY

နို့စို့အရွယ် ကလေးငယ် စွန့်ပစ်မှု ယခင်နှစ်ထက် သုံးဆခန့် မြင့်တက်

မန္တလေး၊ အောက်တိုဘာ ၁၀

မန္တလေးမြို့တော်အတွင်း စွန့်ပစ်ခံရသော နို့စို့အရွယ်ကလေးငယ် ရောက်ရှိလာမှု ယခင်နှစ်ထက် သုံးဆခန့် မြင့်တက်လာကြောင်း အဝါရောင်မျိုးဆက် လူငယ်ပရဟိတအသင်း (မန္တလေး) ၏ စာရင်းများအရ သိရသည်။

အဝါရောင်မျိုးဆက် လူငယ် ပရဟိတအသင်းသို့ ၂၀၁၆ ခုနှစ် တစ်နှစ်တာ ကာလအတွင်း နို့စိုအရွယ် ကလေးငယ် ၁၉ ဦး ရောက်ရှိခဲ့ကာ ယခု ၂၀၁၇ ခုနှစ် အောက်တိုဘာလအထိ ၄၉ ဦးရောက်ရှိနေပြီဖြစ်ကြောင်း၊ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း စွန့်ပစ်ခံ ရက်သား ကလေးငယ်နှင့် လသာ ကလေးငယ် ၂၀ ကျော် ရောက်ရှိခဲ့ကြောင်း အဝါရောင်မျိုးဆက် လူငယ် ပရဟိတအသင်း ပြောရေးဆိုခွင့်ရှိသူ ဆရာတော်ဦးဓမ္မနန္ဒက မိန့်ကြားသည်။

“အရမ်း ပွင့်လင်းလာတာကြောင့်လို့ ယူဆတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း ပိုပြီးတော့ များတယ်။ ဆိုတော့ အခုလို အနှောင်အဖွဲ့တွေကို စွန့်လွှတ်လိုက်ကြတာတွေ များလာတယ်ပေါ့။ နိုင်ငံတကာကို အတုခိုးတဲ့ လွဲမှားတဲ့ အယူအဆတွေလည်း ပါတာပေါ့။ တက္ကသိုလ် ကျောင်းသူအများစုက ဒီလိုဖြစ်ပြီဆိုရင် စွန့်ပစ်ခဲ့ကြတယ်။ မမွေးခင်ကတည်းက ဗိုက်လာအပ်ထားသူတွေလည်း ရှိတယ်”ဟု ၎င်းကမိန့်ဆိုသည်။

စွန်ပစ်ခံ ကလေးငယ် အများစုကို တံခွန်တိုင်အဝိုင်း၊ မဟာအောင်မြေ ကျောက်ဝိုင်း၊ မန္တလေးဘူတာကြီး၊ လေဆိပ် သံလမ်း၊ အမှိုက်ပုံ စသည့်နေရာများမှ ကောက်ယူရရှိရာ ပုဂ္ဂလိကဆေးရုံ ဆေးခန်းများ၊ အစိုးရဆေးရုံများနှင့် ချိတ်ဆက်၍ ပြုစုစောင့်ရှောက်ပေးနေကြောင်း အဝါရောင်မျိုးဆက် လူငယ်ပရဟိတ အသင်း (မန္တလေး) တာဝန်ရှိသူများက ပြောကြားသည်။

အဝါရောင်မျိုးဆက် လူငယ်ပရဟိတ အသင်းသည် ပြည်ကြီးတံခွန်မြို့နယ် စက်မှု ၂ ကနောင်မင်းသားကြီးလမ်းတွင် တည်ရှိပြီး အလှူရှင်များ၏ လှူဒါန်းငွေဖြင့် ရပ်တည်နေသော အဖွဲ့ဖြစ်ကြောင်း ယင်းမြို့ခံများထံမှ သိရသည်။

M-05