POST TYPE

MANDALAY

ယာယီ တပ်ဆင်ထားသည့် ငလျင်ရွေ့လျားနှုန်းတိုင်းစက်များ နိုဝင်ဘာလတွင် ပြန်သိမ်းမည်
10-Oct-2017 tagged as ငလျင် မန္တလေး

မန္တလေး၊ အောက်တိုဘာ ၉

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းရှိ မြေထုချပ်များနှင့် အိန္ဒိယ မြေထုချပ်များ၏ တိုးဝင်မှုများကို သိရှိနိုင်ရန် ယာယီ တပ်ဆင်ထားသည့် ငလျင်ရွေ့လျားမှုနှုန်း တိုင်းတာရေးစက်များ နိုဝင်ဘာလတွင် ပြန်လည် ဖြုတ်သိမ်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီထံမှ သိရသည်။

မြန်မာနိုင်ငံ မြေငလျင်ကော်မတီနှင့် တရုတ်နိုင်ငံမှ Chinese Academy of Science အဖွဲ့တို့ ပူးပေါင်းကာ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းရှိ ချင်းတောင်တန်းတစ်လျှောက်နှင့် ၎င်း၏အရှေ့ဘက် စစ်ကိုင်းပြတ်ရွေ့ အထက်ပိုင်းတစ်လျှောက် ငလျင်တိုင်းတာရေးစက် ၆၅ လုံးကို ၂၀၁၆ ခုနှစ်ကတည်းက ယာယီ တပ်ဆင်ကာ သုံးလလျှင်တစ်ကြိမ် အချက်အလက်များ ကောက်ယူခဲ့ကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ပြောကြားသည်။

“ရထားတဲ့ အချက်အလက်တွေကို တရုတ်ပညာရှင်တွေနဲ့ မြန်မာပညာရှင်တွေပေါင်းပြီးတော့ စစ်ဆေးမယ်။ အိန္ဒိယ မြေထုချပ်အနေနဲ့ မြန်မာ့မြေထုချပ်အောက်ကနေ ဘယ်လောက် တိုးဝင်နေသလဲ ဆိုတာတွေ သိနိုင်မယ်ပေါ့။ နိုဝင်ဘာမှာ စာရင်းအားလုံး ကောက်ပြီးမှာဖြစ်တဲ့အတွက် ပြန်ဖြုတ်တာ”ဟု ၎င်းက ရှင်းပြသည်။

သုံးလတစ်ကြိမ် ကောက်ယူထားသော အချက်အလက်များကို စုပေါင်း၍ ခွဲခြမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်၍ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း မြေထုများ၏ အချက်အလက် အသစ်များ ထပ်မံ ရရှိလာမည်ဖြစ်ကာ လက်ရှိ ရေးဆွဲထားသည့် မြန်မာနိုင်ငံ၏ ငလျင်အန္တရာယ်ပြ မြေပုံကိုလည်း အဆင့်မြှင်တင်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီထံမှ ထပ်မံသိရသည်။

စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံ မြောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းကို ဖြတ်၍ အိန္ဒိယနိုင်ငံထိလည်းကောင်း၊ တောင်ပိုင်းတစ်လျှောက် မြစ်ဝကျွန်းပေါ် ဒေသကိုဖြတ်၍ ကပ္ပလီပင်လယ်အထိရှိရာ အင်အားပြင်းထန်သော ငလျင်လှုပ်ခတ်ပါက စစ်ကိုင်းပြတ်ရွေ့ တစ်လျှောက်ရှိ နေပြည်တော်နှင့် မန္တလေးမြို့ အပါအဝင် မြို့ကြီး ကိုးမြို့ခန့်တွင် ဘေးအန္တရာယ်ကြီးမားစွာ ကျရောက်နိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီက ၂၀၁၆ ခုနှစ်အတွင်းက သတင်း ထုတ်ပြန်ထားခဲ့သည်။

M-05