POST TYPE

MANDALAY

ရွှေဆံတော်ဘုရား လုံခြုံရေးဝန်ထမ်းထားရန် စီစဉ်
08-Oct-2017 tagged as လုံခြုံရေး

မန္တလေး၊ အောက်တိုဘာ ၈

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ရွှေဆံတော်ဘုရားတွင် လူငယ်စုံတွဲ နှစ်တွဲက အဂါရဝဖြစ်စေသော အပြုအမူများ ပြုလုပ်ခဲ့၍ အောက်တိုဘာလ တတိယပတ်ကစ၍ လုံခြုံရေးဝန်ထမ်းများ ထားရှိရန် စီစဉ်နေကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးမှူး ဦးစိုးတင့်က ပြောကြားသည်။

“ပြီးခဲ့တဲ့ရက်ပိုင်း (သီတင်းကျွတ်ကာလ) ကဆိုရင် ဘုရားပေါ်မှာ လူငယ်စုံတွဲနှစ်တွဲ အဂါရဝဖြစ်စေတဲ့ မဖွယ်မရာ အပြုအမူတွေ လုပ်ခဲ့ကြတယ်။ နောက်ပြီး ကြွပ်ကြွပ်အိပ်ထဲ မစင်စွန့်ပြီး ပစ်ခဲ့တာတွေ ရှိတယ်။ ဒါ့ကြောင့် ဘုရားအတက် အဆင်း လေးဖက်လေးတန်မှာ မနက် တာဝန် ညတာဝန် ခွဲပြီးတော့ ဝန်ထမ်းတွေ ခန့်မယ်။ လုံးခြုံရေးအရရော အဂါရဝ အပြုအမူတွေ 
မလုပ်နိုင်အောင် အထက်ပစ္စယာပေါ်မှာ ဝန်ထမ်းတွေချထားမယ်။ ဂေါပကအဖွဲ့နဲ့ပေါင်းပြီး လုပ်မှာဆိုတော့ အသေးစိတ် ပြောလို့မရသေးလို့ပါ”ဟု ၎င်းကရှင်းပြသည်။

ပြည်တွင်း ပြည်ပ ဘုရားဖူးများ အနေနှင့် ပုဂံဒေသ ရှုခင်းများကို တောင်ဂူနီဘုရား၊ ရွှေဆံတော်ဘုရားနှင့် ပုဂံမျှော်ဘုရားတို့ပေါ်မှနေ၍ တက်ရောက်ကြည့်ရှုလေ့ရှိရာ ယင်းတို့အနက် ရွှေဆံတော်ဘုရားသည် ရှုခင်းကြည့်ရာတွင် အကောင်းဆုံးနေရာ ဖြစ်သောကြောင့် တက်ရောက်ကြည့်ရှုသူ ပိုမိုများပြားကြောင်း ပုဂံဒေသခံများထံမှ သိရသည်။ 

“ရွှေဆံတော်ဘုရားမှာ အဓိက ဖြစ်နေတာက ပြည်တွင်း ခရီးသွားတွေက ရန်ကုန်ကနေ ပုဂံကို မနက် ၄ နာရီဆို ရောက်ပြီ။ ရောက်တဲ့အချိန်မှာ ဟိုတယ်တွေကလည်း အခန်း မရနိုင်ဘူး။ ဆိုတော့ ကားဆရာတွေက သူတို့ (ပြည်တွင်း ခရီးသွား) နေစရာမရ သေးတဲ့အချိန်မှာ နေထွက်ချိန်ရှုခင်း ကြည့်ရအောင် ဆိုပြီးတော့ ရွှေဆံတော်ကို ခေါ်သွားတယ်။ မနက် ၅ နာရီလောက်ဆိုတော့ အညစ်အကြေးကို ပလတ်စတစ် အိတ်နဲ့ စွန်ပြီးတော့ ထားခဲ့ကြတယ်။ ပြဿနာ အရင်းခံက ဒါပဲ။ အဓိကတော့ ပြည်တွင်းခရီးသွားတွေ”ဟု ပုဂံဧည့်လမ်း ညွန်အသင်းနာယက ဦးဇော်ဝင်းချိုက ပြောကြားသည်။

ယခုကဲ့သို့သော ဖြစ်စဉ်မျိုး ထပ်မံ မဖြစ်စေရန် ခန့်အပ်ခြင်း ခံထားရသော  လုံခြုံရေး ဝန်ထမ်းများ အနေနှင့် အမြဲမပြတ် စောင့်ကြည့်ရန်လိုကြောင်း ၎င်းက ပြောဆိုသည်။

ရွှေဆံတော်ဘုရားသည် ပြည်တွင်း ပြည်ပ ခရီးသွားများအတွက် ပုဂံရှုခင်းကြည့် အဓိကဘုရား တစ်ဆူဖြစ်ရာ နေ့စဉ် နေထွက် နေဝင်ချိန်ကြည့်ရှုသူ ၃၀ဝ ဦးခန့် ရှိပြီး အခါကြီး ရက်ကြီးများတွင် ပိုမိုများပြားကြောင်း ရွှေဆံတော် ဘုရားဂေါပကအဖွဲ့ မှတ်တမ်းအရ သိရသည်။

ရှေးဟောင်းဘုရားများပေါ်သို့ တက်ရောက်မှု လျော့ပါးစေရန် အရှေ့အိုး ထိန်းကုန်း၊ အနောက်အိုးထိန်းကုန်း၊ ကိုမောက်ကန် ရှုခင်းကြည့်တောင်ကုန်း၊ ညောင်လက်ဖက်ကန် ရှုခင်းကြည့်တောင်ကုန်းနှင့် စူဠာမဏိ ကန်ရှုခင်းကြည့်တောင်ကုန်းတို့ ဖန်တီးပေးထားကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

M-05