News

POST TYPE

MANDALAY

သစ်အချောထည်စက်ရုံဘေးတွင် ဓာတ်ဆီဆိုင်တည်ဆောက်မှုကို စက်ရုံလုပ်သားများက ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်
26-Aug-2016
မန္တလေး၊ သြဂုတ် ၂၅

မန္တလေးစက်မှုဇုန် ၁ အတွင်းရှိသည့် သစ်အချောထည် စက်ရုံနှစ်ခု အကြားတွင် စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် ပြင်ဆင်နေမှုနှင့် ပတ်သက်၍ ဆီဆိုင်ဘေးတွင်ရှိသော ရွှေချိန်း သစ်အချောထည် စက်ရုံမှ လုပ်သားတစ်ရာခန့်က သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီမှ ၁၀ နာရီ အချိန်ထိ ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

"ဆီဆိုင်ဆိုတာက မီးဘေးအန္တရာယ် အရမ်းများတဲ့ လုပ်ငန်းတစ်ခု။ ဆီဆိုင်ဘေးမှာ ရှိနေတာက သစ်စက်ရုံတွေ။ ဒါတွေက လောင်စာတွေ ဖြစ်သွားနိုင်တယ်၊ စက်ရုံ အလုပ်သမားတွေက အတွင်းထဲမှာ အလုပ်လုပ်ရတာ ဖြစ်တဲ့အတွက် အပြင်မှာ တစ်ခုခုဖြစ်ရင် ပြေးစရာမရှိဘူး။ ဆီဆိုင် စလုပ်တဲ့အချိန်ကတည်းက ကန့်ကွက်လာတာ။ စာတွေ အထပ်ထပ်တင်ပြီး ကန့်ကွက်နေတာ ရပ်မသွားလို့ ဆန္ဒဖော်ထုတ်ပြီး ကန့်ကွက်နေတာ" ဟု ရွှေချိန်း သစ်အချောထည်စက်ရုံမှ မန်နေဂျာ ဦးမြင့်မိုးက ပြောကြားသည်။

အဆိုပါ ရွှေချိန်းသစ်အချောထည် စက်ရုံဘေး၌ ၂၀၁၄ ခုနှစ် ဧပြီလကလည်း ဓာတ်ဆီဆိုင် ဖွင့်လှစ်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်ရာ ယင်းအချိန်က ကန့်ကွက်ခဲ့မှုကြောင့် မန္တလေးမြို့တော်ဝန်က တားမြစ်ခဲ့၍ ရပ်နားသွားခဲ့ပြီး ၂၀၁၆ ခုနှစ် ဧပြီလတွင် Asia Energy စက်သုံးဆီ ကုမ္ပဏီက ပြန်လည် ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံ ၁၀ ကြိမ်ထက် မနည်း ကန့်ကွက်စာ တင်ခဲ့သော်လည်း လက်ရှိတွင် ရောင်းချရန် အသင့်အနေအထားသို့ ရောက်ရှိလာကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

"ပတ်ပတ်လည်မှာက စက်ရုံတွေ ဖြစ်နေတဲ့အတွက် အလုပ်သမား ၃၀၀ နဲ့ ၄၀၀ ကြားလောက်ရှိမယ်၊ တကယ်လို့များ ဒီဆီဆိုင်ကနေ မတော်တဆမှု တစ်ခုခု ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ အလုပ်သမားတွေ ပြေးချိန်မရအောင် ဖြစ်သွားနိုင်တယ်။ အဲဒီလို အခြေအနေတွေ ရှိတဲ့အတွက် ကန့်ကွက်နေတာပါ" ဟု ရွှေချိန်းသစ် အချောထည်စက်ရုံမှ လုပ်သားတစ်ဦးက ပြောကြားသည်။

Asia Energy စက်သုံးဆီဆိုင်အနေနှင့် အစိုးရအဖွဲ့၏ တရားဝင် ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ကာ မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် လည်း အစိုးရဌာနများ၏ ညွှန်ကြားချက်များအတိုင်း ဆောက်လုပ်ထားကြောင်း ယင်းဆိုင်တာဝန်ခံ ဦးဇင်ဝိုင်းက တုံ့ပြန်ပြောဆိုသည်။

"ကျွန်တော်တို့ဆိုင် စဆောက်ကတည်းက အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်တွေ၊ သတ်မှတ်ချက်တွေ အားလုံး လုပ်ပေးထားတယ်။ မီးသတ်ဦးစီးဌာနရဲ့ မီးဘေးကာကွယ်ရေး ညွှန်ကြားချက်တွေကိုလည်း ဆောင်ရွက်ပေးထားတယ်" ဟု ၎င်းက ရှင်းပြသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်အားလုံး ရရှိထားပြီး ဖြစ်သော်လည်း ရောင်းချခွင့်ပြုသည့် အမိန့်သာ လိုတော့ကြောင်း၊ ယင်းခွင့်ပြုချက် ရသည်နှင့် စတင် ရောင်းချမည်ဖြစ်ကြောင်း စက်သုံးဆီဆိုင် တာဝန်ရှိသူများထံမှ သိရသည်။

စက်သုံးဆီဆိုင် တာဝန်ရှိသူများက ယင်းသို့ ပြောဆိုနေသော်လည်း ဘေးပတ်ဝန်းကျင်ရှိ စက်ရုံများထံမှ သဘောတူညီချက် ရယူခဲ့ခြင်းမရှိဘဲ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ကန့်ကွက်သူများက ပြောဆိုသည်။


  • VIA