News

POST TYPE

MANDALAY

မန္တလေးတွင် လုယက်မှုများတားဆီးရေး ညပိုင်းလုံခြုံရေး အင်အား တိုးမြှင့်
25-Aug-2016
မန္တလေး၊ သြဂုတ် ၂၅

ဓားထောက် လုယက်မှုများ ဆက်တိုက်ဖြစ်ပွားနေသော မန္တလေးခရိုင်အတွင်း လုယက်မှုများ လျော့နည်း ကျဆင်းရေးအတွက် သြဂုတ်လ ၂၄ ရက်နေ့ ညကစ၍ ရဲတပ်ဖွဲ့ဝင် အင်အားတိုးမြှင့်ကာ  ညပိုင်းတွင်လှည့်ကင်းများဖြင့် ဆောင် ရွက်နေကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရသည်။

“ခုလို အင်အား တိုးချဲ့ပြီး လှည့်ကင်း ဆောင်ရွက်ရတဲ့ အဓိက ရည်ရွယ်ချက်က ဆိုင်ကယ်တွေနဲ့ လုယက်မှု ကျူးလွန်တာတွေကို တားဆီးနိုင်ဖို့ပါ၊ လုယက်သူတွေက ညဉ့်နက်ပိုင်းတွေမှာ အုပ်စုလိုက် ဓားထောက် လုယက်တာတွေ လုပ်တတ်ကြတဲ့အတွက် ပုံမှန် လုံခြုံရေးအပြင် အခြား တပ်ဖွဲ့တွေကို သီးသန့် တာဝန်ပေးလိုက်တာ”ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး (ဦးစီး) မှ ရဲမှူးမြတ်ကျော်က ပြောကြားသည်။

မန္တလေးမြို့တွင် ညဉ့်နက်ချိန်များ၌ ကင်းလှည့် ဆောင်ရွက်သည့် ရဲတပ်ဖွဲ့များအပြင် ရဲတပ်ရင်းများမှ တပ်ဖွဲ့ဝင်များ၊ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး တာဝန်ရှိသူများ စုစုပေါင်း အင်အား ၇ဝ ခန့်ဖြင့် မန္တလေးမြို့ ၃၅ လမ်းမှ နှစ်ပိုင်းခွဲကာ လှည့်ကင်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“ဒါ ကောင်းသတင်းပါပဲဗျ၊ တစ်ခုတော့ ပြောစရာရှိတယ်။ လုယက်မှု နှိမ်နင်းရေး လုပ်တယ်ဆိုရင် အဲဒီတစ်ခုကို ထိထိရောက်ရောက် လုပ်ရင် ပိုကောင်းမယ်လို့ ထင်တယ်၊ ဥပမာဗျာ တုတ်၊ ဓား လက်နက် စစ်မယ်ဆို အဲဒါကိုပဲ စစ်၊ တုတ်၊ ဓားလက်နက် စစ်ရင်း လိုင်စင်ပါ စစ်လို့ မပါလို့ အရေးယူမယ်ဆိုရင် လုပ်ရမယ့်ကိစ္စက မထိရောက်တော့ဘူး ဖြစ်သွားနိုင်တယ်၊ ဒီတော့ အဓိက လုပ်မယ့်တစ်ခုကိုပဲ အာရုံစိုက်ပြီး လုပ်တာ ပိုကောင်းမယ်၊ ဒါမှ အဓိက ရည်ရွယ်ချက်ကို ထိထိမိမိ ဖြစ်မယ်”ဟု ချမ်းအေးသာစံမြို့နယ် ဒေးဝန်းရပ်ကွက် ဒေသခံ ဦးသိန်းဌေးက ပြောဆိုသည်။

အဆိုပါ လှည့်ကင်း ဆောင်ရွက်သည့် ရဲတပ်ဖွဲ့ဝင်များသည် လုယက်မှုများ မဖြစ်ပွားစေရေး ဆောင်ရွက်မည် ဖြစ်သည့်အပြင် ညဉ့်နက်ပိုင်း အချိန်များ၌ စည်းကမ်းပျက် မောင်းနှင်သည့် မော်တော်ယာဉ်များ၊ တုတ်၊ ဓားလက်နက် ကိုင်ဆောင်သူများကိုလည်း စစ်ဆေး အရေးယူ သွားမည် ဖြစ်ကြောင်း၊ စတင် ဆောင်ရွက်သည့် သြဂုတ်လ ၂၄ ရက်နေ့ညက လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီးနှင့် စည်းကမ်းပျက် မော်တော်ယာဉ် တစ်စီးကို ဖမ်းဆီး နိုင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

မန္တလေးမြို့တွင်း အမှောင်ကျသည့် နေရာများတွင် အုပ်စုဖွဲ့ လုယက်ခြင်း၊ ဓား ထောက် လုယက်ခြင်းများ၊ ရိုက်နှက်လု ယက်ခြင်းများ နေ့စဉ်နီးပါး ဖြစ်ပွားနေကြောင်း မန္တလေးမြို့ခံများက ပြောဆိုသည်။


  • VIA