News

POST TYPE

MANDALAY

Japan Heart အဖွဲ့တို့ ပူးပေါင်း၍ နှုတ်ခမ်းကွဲ ကလေးငယ်များကို အခမဲ့ ခွဲစိတ် ကုသပေးမည်
25-Aug-2016
မန္တလေး၊ သြဂုတ် ၂၅

မြန်မာဘရူဝါရီလီမိတက်၏ ကရုဏာရှေးရှု မြန်မာမှု အစီအစဉ်နှင့် Japan Heart Organization တို့ ပူးပေါင်းကာ စစ်ကိုင်းတောင်ရိုးရှိ ဝါးချက် ဇီဝိတဒါန သံဃာ့ဆေးရုံ၌ နှုတ်ခမ်းကွဲ ကလေးငယ်များကို အခမဲ့ ခွဲစိတ် ကုသပေးမည် ဖြစ်ကြောင်း Japan Heart Organization မှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ် အထူးကု ဆရာဝန်ကြီး ဒေါက် တာ Hideto Yoshioka က ပြောကြားသည်။

စစ်ကိုင်းတောင်ရိုးရှိ ဝါးချက် ဇီဝိတဒါန သံဃာ့ဆေးရုံ၌ သြဂုတ်လ ၂၅ ရက်နေ့က ပြုလုပ်သော မြန်မာဘီရူဝါရီ ကုမ္ပဏီလီမိတက်၏ ကရုဏာရှေးရှု မြန်မာမှုအစီအစဉ်ဖြင့် ရေသန့်စင်စက်နှင့် ခြင်ဖမ်းစက် လှူဒါန်းပွဲတွင်  ၎င်းက ပြောကြားခြင်းဖြစ်သည်။ 

သြဂုတ်လမှ အောက်တိုဘာလအထိ သုံးလအတွင်း လတစ်လ၏ နောက်ဆုံးပတ်တွင် အဆိုပါ အစီအစဉ်ကို ပြုလုပ်ပေးမည်ဖြစ်ရာ သြဂုတ်လ နောက်ဆုံးပတ်ကစ၍ တစ်ပတ်လျှင် နှုတ်ခမ်းကွဲ ကလေးငယ် ငါးဦးနှုန်းဖြင့် ၁၅ ဦးခန့်ကို မြန်မာ ဆရာဝန်များနှင့်အတူ ခွဲစိတ် ကုသ ပေးမည်ဖြစ်ကြောင်း၊ နိုဝင်ဘာလ အတွင်း၌ လည်း မန္တလေးမြို့ရှိ ကလေးဆေးရုံကြီးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များကို အခမဲ့ ခွဲစိတ် ကုသပေးရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ကလေးငယ် တစ်ဦး ခွဲစိတ်ကုသမှု ခံယူတိုင်း ဆေးကုသမှု ခံယူသော ကလေးငယ်၏ ခွဲစိတ်ကုသမှု၊ သွားလာနေထိုင်ရေး၊ စားသောက်စရိတ်၊ ဆရာဝန်နှင့် စက်ပစ္စည်း အသုံးစရိတ်များအတွက် အမေရိကန် ဒေါ်လာ ၂ဝဝဝ ခန့် ကုန်ကျမည် ဖြစ်ကြောင်း မြန်မာဘရူဝါရီလီမိတက်မှ အုပ်ချုပ်ရေး အရာရှိချုပ် ဦးကျော်ကြားက  ပြောကြားသည်။

နှုတ်ခမ်းကွဲ ကလေးငယ်များကို အခမဲ့ ကုသပေးမည်ဖြစ်၍ ဆေးရုံကိုယ်စား ဝမ်းမြောက်ပီတိ ဖြစ်ရကြောင်း ဝါးချက် ဇီဝိတဒါန သံဃာ့ဆေးရုံ ဥက္ကဋ္ဌ ဦးမြသောင်းက ပြောဆိုသည်။

မြန်မာတစ်နိုင်ငံလုံးရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ရောဂါဝေဒနာ ခံစားရသော ကလေးငယ်များကို အခမဲ့ ကုသပေးမည်ဖြစ်ရာ ခွဲစိတ်ကုသမှု ခံယူလိုသူများ အနေနှင့် ဝ၉ ၂၆၃၃၃၇၄၃၆၊ ဝ၉ ၇၇၇၇၅၆၉၄၁၊ ဝ၉ ၉၆၈၂၅၈၈၅၈ တို့ထံ ဆက်သွယ်၍ စာရင်း ပေးသွင်းနိုင်ကြောင်း ဝါးချက် ဇီဝိတဒါန သံဃာ့ ဆေးရုံထံမှ သိရသည်။ 

မြန်မာဘရူဝါရီလီမိတက် အနေနှင့် ဝါးချက်ဇီဝိတဒါန သံဃာ့ဆေးရုံသို့ ရေသန့် စင်စက်အပြင် ခြင်ဖမ်းစက် အလုံး ၁ဝဝ ကျော် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။


  • VIA