News

POST TYPE

MANDALAY

ပုဂံကို ကယ်တင်ခြင်း ဒေသခံ ၈ဝဝဝ ကျော် ရေးထိုးထားသည့် လက်မှတ်များ ဝန်ကြီးချုပ်နှင့် လွှတ်တော် ဥက္ကဋ္ဌထံ ပေးအပ်
24-Aug-2016
မန္တလေး၊ သြဂုတ် ၂၄

ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ တစုတစည်းတည်း တွေ့နိုင်သည့် ပုဂံယဉ်ကျေးမှု ဒေသကို ကယ်တင်ရန် ပြုလုပ်ခဲ့သည့် Save The Bagan အစီအစဉ်အရ ကောက်ခံ ရရှိခဲ့သည့် လက်မှတ် ၈ဝဝဝ ကျော်ကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံ သြဂုတ်လ ၂၄ ရက်နေ့က ပေးအပ်ခဲ့ကြောင်း အဖိုးတန် မျိုးဆက်တို့၏ ပုဂံအဖွဲ့ထံမှ သိရသည်။

လက်မှတ် ကောက်ခံခြင်း အစီအစဉ်ကို ၂ဝ၁၆ ခုနှစ် ဇွန်လ  ၇ ရက်နေ့က စတင်ခဲ့ခြင်း ဖြစ်ပြီး ဇူလိုင်လ ၂၂ ရက်နေ့အထိ တစ်လခွဲကြာ ကောက်ယူခဲ့ခြင်းဖြစ်ရာ လက်မှတ်ပေါင်း  ၈ဝ၃၆ ခု ရရှိခဲ့ကြောင်း အဖိုးတန် မျိုးဆက်တို့၏ ပုဂံအဖွဲ့ အထွေထွေ အတွင်းရေမှူး ဦးမျိုးဆက်စံက ပြောကြားသည်။

“ပြောရရင်တော့ ကျွန်တော်တို့ကတော့ တင်ပြီးပြီ။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး ဘာတွေ ဆောင်ရွက်ပေးမလဲ ဆိုတာကိုတော့ အချိန် အတိုင်းအတာ တစ်ခုထိ စောင့်ကြည့် လေ့လာရမယ်။ လတ်တလောမှာတော့ အခြားသော အစီအစဉ်တွေ မရှိသေးပါဘူး”ဟု ၎င်းက ဆိုသည်။

တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် အထင်ကရ နယ်မြေဖြစ်၍ ရေရှည် တည်တံ့စေရန်၊ ခေတ်သစ် ပုံရိပ်များ ဝါးမျိုနေမှုများ ရပ်တန့်စေရန်၊ ဒေသခံ အများစု၏ လူ့အခွင့်အရေးများ အပြည့်အဝ ရရှိစေရန်၊ ပုဂံအလှ ပျက်စီးမှု များလာသည်ကို ကာကွယ်ရန် Save The Bagan အစီအစဉ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အဖိုးတန် မျိုးဆက်တို့၏ ပုဂံအဖွဲ့ထံမှ သိရသည်။

လက်မှတ်ထိုး ကမ်ပိန်း ပြုလုပ်ရခြင်းသည် ပုဂံ-ညောင်ဦး ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဥပဒေနှင့် မညီညွတ်သော ခေတ်သစ် အဆောက်အအုံများနှင့် ခြံခတ် သိမ်းပိုက်ထားသည့် နေရာများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပေးရန်၊ တားဆီး ပိတ်ပင်ခံထားရသည့် ဒေသခံများ၏ စီးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများကို ဥပဒေနှင့်အညီ အမြန်ဆုံး ဆောင်ရွက်ပေးရန်၊ ရှေးဟောင်း အမွေအနှစ်များ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရာတွင် ကျွမ်းကျင်း ပညာရှင်များကို ဦးဆောင်စေရေး၊ ဒေသခံများနှင့် သက်ဆိုင်ရာ NGO အဖွဲ့အစည်းများ ပွင့်လင်းမြင်သာစွာ ချပြနိုင်ရေးအတွက် ရည်ရွယ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

ယင်းအပြင် ဒေသတွင်းရှိ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းမှ သိမ်ဆည်းခံ မြေနေရာများကို အများပိုင် မြေ၊ အများပိုင် လမ်းနှင့် လယ်ယာမြေများအဖြစ် ဥပဒေနှင့်အညီ ပြန်လည်စိစစ် ဆောင်ရွက်ပေးရေး၊ ဧရာဝတီမြစ်ကမ်း တစ်လျှောက် တာဖို့၍ ကျူးကျော် ဘောင်ခတ်ထားသော နေရာများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပေးရေးတို့လည်း ပါဝင်သည်။ 

ကောက်ခံ ရရှိထားပြီးဖြစ်သည့် လက်မှတ်များကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ တို့ထံလည်း ထပ်မံပေးပို့မည် ဖြစ်ကြောင်း အဖိုးတန် မျိုးဆက်တို့၏ ပုဂံအဖွဲ့ထံမှ သိရသည်။


  • VIA