News

POST TYPE

MANDALAY

မန္တလေး စည်ပင်နယ်နိမိတ်အတွင်းရှိ ခွင့်ပြုချက်မဲ့ ဆောက်လုပ်သည့် အဆောက်အအုံ ၁၀ လုံးဖြိုဖျက်
24-Aug-2016
မန္တလေး၊ သြဂုတ် ၂၃

လူနေထူထပ်မှု မြင့်မားလာသည့် မန္တလေးမြို့တော်၏ စည်ပင်သာယာရေး နယ်မိတ်အတွင်း ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားသည့် အထပ်မြင့် (အာရ်စီ) အဆောက်အအုံ ၁၀ လုံးကို ဖြိုဖျက်ခဲ့ရကြောင်း အဆိုပါ ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနထံမှ သိရသည်။ 

မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာ ကိစ္စရပ်များနှင့်အညီ ခေတ်မီစနစ်ကျသော အိမ်ရာများ ဖြစ်ပေါ်လာရေး ဆောင်ရွက်လျက်ရှိရာ ကော်မတီအနေနှင့် ၁၂ ထပ်သာ ခွင့်ပြုထားခြင်းဖြစ်၍ ခွင့်ပြုမိန့်ထက် ကျော်လွန် ဆောက်လုပ်ပါက ဖြိုဖျက်မည် ဖြစ်ကြောင်း ယင်းကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန ဌာနမှူး ဦးဇော်ဝင်းက ပြောကြားသည်။

"ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှု ရှိရမယ်။ ပြီးတော့ သဘာဝဘေးနဲ့ မီးဘေးအန္တရာယ် ကာကွယ်နိုင်အောင် အမြင့် ၁၂ ထပ် ထက်ပိုပြီး ခွင့်မပြုပါဘူး။ ဒါကြောင့် စည်းကမ်းမလိုက်နာတဲ့ အဆောက်အအုံ ၁၀ လုံးကို ဖြိုဖျက်လိုက်တာ" ဟု ၎င်းကဆိုသည်။ 

မန္တလေးမြို့တော်၏ နန်းမြို့ရိုး ကျုံးပတ်လည်တွင် လေးထပ် သို့မဟုတ် ၄၆ ပေထက် မမြင့်သော အဆောက်အအုံများကိုသာ ခွင့်ပြုထားပြီး ခွင့်ပြုချက်ထက်ပို၍ ဆောက်လုပ်ခွင့် မရှိကြောင်း ယင်းဌာန၏ စည်းမျဉ်းများတွင် ဖော်ပြထားသည်။

"မန္တလေးမြို့တော်ရဲ့ ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းရမယ်။ နန်းမြို့ရိုးနဲ့ ကျုံးရဲ့ပုံရိပ် မ,ပ,ပျောက်စေချင်ဘူး။ ဒါကြောင့် လေးထပ် ထက်ပိုပြီး ဆောက်လုပ်ခွင့် မပေးဘူး" ဟု ဦးဇော်ဝင်းက ထပ်လောင်းရှင်းပြသည်။ 

မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ၁၂ ထပ် ထက်ပို၍ တည်ဆောက်လိုပါက ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်နှင့် မန္တလေးတိုင်းဒေသကြီး အထပ်မြင့် အဆောက်အအုံများ အရည်အသွေး ကြီးကြပ်ရေးကော်မတီ (CQHP) ၏ ခွင့်ပြု ချက်ရရှိမှသာ တည်ဆောက်ခွင့်ပြုကြောင်း အဆိုပါကော်မတီထံမှ သိရသည်။ 


  • VIA