News

POST TYPE

MANDALAY

ဖမ်းမိကားများ လေလံပွဲ ရက် အကန့်အသတ် မရှိ ရွှေ့ဆိုင်း
23-Aug-2016
မန္တလေး၊ သြဂုတ် ၂၃

မန္တလေးတိုင်းဒေသကြီးအတွင်း ဖမ်းဆီး ရမိခဲ့သည့် လိုင်စင်မဲ့ မော်တော်ယာဉ်များကို လေလံတင် ရောင်းချမည့် အစီအစဉ်ကို ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း မန္တလေးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်နိုင်က ပြောကြားသည်။

ယင်းသို့ ရွှေ့ဆိုင်းလိုက်သည့်အကြောင်း အရင်းနှင့်ပတ်သက်၍မူ ပြောဆိုနိုင်ခြင်း မရှိကြောင်း လေလံပွဲ ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင်လည်းဖြစ်သူ ၎င်းက ပြောဆိုသည်။ 

“လျှောက်လွှာ တင်ထားသူတွေကို အကုန် ပြန်ထုတ်ပေးမယ်၊ မြန်မြန်ဆန်ဆန် ပြန်ထုတ်ပေးမယ် ဒီတစ်ရက် နှစ်ရက်အတွင်း  ပြန်ထုတ်နိုင်ရင် အကောင်းဆုံးပဲ။ ဘယ်နေ့ နောက်ဆုံးရယ်လို့တော့ သတ်မှတ်မထား”ဟု ဦးဝင်းဇော်နိုင်က ဆက်လက် ပြောကြားသည်။ 

အဆိုပါ လေလံပွဲနှင့် ပတ်သက်၍ သြဂုတ်လဆန်းပိုင်းကတည်းက နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ကြေညာထားခဲ့ခြင်း ဖြစ်ရာ နိုင်ငံတစ်ဝန်းမှ စိတ်ဝင်စားသူများ လာရောက်ခဲ့ကြကြောင်း လေလံလျှောက်လွှာ ဝယ်ယူထားသူ အချို့ထံမှ သိရသည်။

လေလံပွဲရွှေ့ဆိုင်းလိုက်သည့် အကြောင်းအရင်းကို လေလံပွဲ ကျင်းပမည့် သြဂုတ်လ ၂၃ ရက်နေ့ မတိုင်မီ ၂၂ ရက်နေ့ ညနေ ၅ နာရီခန့်မှသာ လေလံလျှောက်လွှာ ဝယ်ယူထားသူများကို အသိပေးခဲ့ကြောင်း၊ လေလံပွဲ နီးကပ်ချိန်မှ အသိပေးခဲ့သောကြောင့် လေလံပွဲသို့ လာရောက်သူများနှင့် လေလံလျှောက်လွှာ ဝယ်ထားသူများ တစ်ဦးလျှင် ကျပ်ဆယ်သိန်းခန့် ဆုံးရှုံးခဲ့ရကြောင်း ၎င်းတို့က ပြောဆိုသည်။

“သူတို့ (လေလံကော်မတီ) က ဆယ်သိန်းလောက် နစ်နာခဲ့တယ်လို့ ပြောတယ်၊ ဒါက သူတို့ နစ်နာတာ၊ ကျွန်တော်တို့မှာက တစ်ဦးချင်းစီကို ဆယ်သိန်းစီလောက် နစ်နာခဲ့တာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်မှ လေလံ လျှောက်ထားခဲ့သူ ဦးကျော်နိုင်ဝင်က ပြောကြားသည်။

မြန်မာနိုင်ငံ အနှံ့အပြားမှ လေလံ လျှောက်လွှာ တင်ထားသူများ လာရောက်ကြခြင်းဖြစ်ရာ လေလံပွဲ ပျက်ပြယ်သည့် အကြောင်းကို ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ အချိန်နီးကပ်မှ အသိပေးခြင်းကလည်း လေလံ လျှောက်ထားသူများကို ပိုမို နစ်နာစေကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

“ကျွန်တော်တို့လို လေလံ လျှောက်ထားတဲ့သူတွေ အကြောင်း အမျိုးမျိုးကြောင့် ပျက်ကွက်ခဲ့မယ်ဆိုရင် Deposite (အာမခံကြေး) ဆယ်သိန်းကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းမယ်လို့ ပြောထားတယ်။ အခု သူတို့ဘက်က ပျက်ကွက်ခဲ့တာပါ၊  ကြိုတင် အသိမပေးတာရယ်၊ ဘာကြောင့် ပျက်တယ်ဆိုတာ မပြောနိုင်တာကိုတော့ မကျေနပ်ဘူးဗျ။ အထက် အမိန့်ကြောင့်လို့  ပြောတယ်ဆိုကတည်းက တာဝန်ခံမှု မရှိဘူးလို့ မြင်တယ်”ဟု မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှ ဦးစိုးကြီးက ပြောကြားသည်။

ယခုကဲ့သို့ လေလံပွဲ ပျက်ခြင်းသည် မန္တလေးမြို့၌ ပထမဆုံးအကြိမ် ဖြစ်ပြီး ယခင်က ယခုကဲသို့ ပျက်ကွက်ခြင်း မရှိခဲ့ဟု နှစ်ပေါင်း  ၂ဝ ခန့်အတွင်း လေလံပွဲ မျိုးစုံ လျှောက်ထားခဲ့ဖူးသူ  ၎င်းက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ဖမ်းဆီး ရမိခဲ့သည့် လိုင်စင်မဲ့ မော်တော်ယာဉ် ၁၁၉ စီးကို လေလံတင် ရောင်းချရန် လေလံလျှောက်လွှာ ၂၈၇၅ စောင် ရောင်းချထားကြောင်း လေလံပွဲ ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။  

ယင်းလေလံပွဲကို သြဂုတ်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပရန် မူလက စီစဉ်ထားခြင်း ဖြစ်သည်။ 


  • VIA