News

POST TYPE

MANDALAY

ဖမ်းဆီးရမိ မော်တော်ယာဉ် လေလံပွဲ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခြင်း ညွှန်ကြားချက်ကြောင့်ဟုဆို
23-Aug-2016
မန္တလေး၊ သြဂုတ် ၂၃

မန္တလေးတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိခဲ့သည့် လိုင်စင်မဲ့ မော်တော်တော်ယာဉ်များ လေလံတင်ရောင်းချမည့်ပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ခြင်းမှာ အထက်ညွှန်ကြားချက်ကြောင့် ဖြစ်သည်ဟု လေလံပွဲဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဖြစ်သည့် မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်နိုင်က ပြောကြားသည်။

အဆိုပါ လေလံပွဲ ကျင်းပရန် ယခုလ လဆန်းပိုင်းကတည်းက နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် ကြေညာထားခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရသည့် အဓိက အကြောင်းရင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

လေလံပွဲကို ရွှေ့ဆိုင်းလိုက်သည့် အကြောင်းကို ပွဲကျင်းပမည့် ယနေ့ (သြဂုတ် ၂၃ ရက်) မတိုင်မီ ၂၂ ရက် ညနေ ၅ နာရီခန့်မှသာ လေလံပွဲလာသူများထံ အသိပေး ကြေညာခဲ့သဖြင့် များစွာ ဆုံးရှုံးနစ်နာရကြောင်း၊ လေလံပွဲ လျှောက်လွှာဝယ်ထားသူများ အနေဖြင့် တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းခန့် ဆုံးရှုံးနစ်နာခဲ့ရကြောင်း လေလံပွဲသို့ လာရောက်သူများက ပြောကြားသည်။

အဆိုပါ လေလံပွဲမှ ဖမ်းဆီးရမိထားသည့် မော်တော်ယာဉ် ၁၁၉ စီးကို လေလံတင် ရောင်းချပေးရန စီစဉ်ထားခဲ့ပြီး လေလံလျှောက်လွှာပေါင်း ၂၈၇၅ စောင် ရောင်းချထားကြောင်း လိုင်စင်မဲ့ကား တင်ဒါရောင်းချရေး ကော်မတီထံမှ သိရသည်။

(ပုံစာ - လေလံလျှောက်ထားသူများနှင့် တင်ဒါရောင်းချရေး ကော်မတီတို့ ပေးသွင်းထားသည့် လေလံစပေါ်ကြေးများ ပြန်လည်ထုတ်ပေးနိုင်ရန် သြဂုတ် ၂၃ ရက်က ဆွေးနွေးခဲ့ကြစဉ်။)

ဓာတ်ပုံ - ရန်မိုးနိုင်