News

POST TYPE

MANDALAY

ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့များ ပူးပေါင်းဆောင်ရွက်မှု EU သံအမတ် မေးမြန်း
22-Aug-2016
မန္တလေး၊ သြဂုတ် ၂၂

မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး ရိုလန်ကိုဘီယာသည် သြဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို လာရောက် တွေ့ဆုံရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့များ ပူးပေါင်း ဆောင်ရွက်နေသည့် အခြေအနေများကို မေးမြန်းခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းအောင်က ပြောကြားသည်။

“သူလာတာက ဘာသာပေါင်းစုံ အဖွဲ့တွေနဲ့ ထိတွေ့မှု ရှိ မရှိ ဆိုတာ သိချင်လို့ လာတာပါ။ အစိုးရအဖွဲ့ အနေနဲ့ကတော့ ရဲလုပ်ငန်းအတွက် CCTV၊ Police Box တွေ ပံ့ပိုး ကူညီပေးဖို့ ပြောလိုက်တယ်”ဟု ၎င်းက ဆိုသည်။

EU သံအမတ်ကြီးသည် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အပြင် မန္တလေးမြို့ရှိ အရပ်ဘက် အဖွဲ့အစည်း အချို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ပြီး ရှစ်လေးလုံး အရေးအခင်း ကာလက ထင်ရှားခဲ့သော ဂဋ္ဌုန်နီ ဆရာတော်နှင့် တွေ့ဆုံခဲ့ ကာ မွန်းလွဲပိုင်းတွင်မူ မန္တလေး ဆေးတက္ကသိုလ်ရှိ ကျောင်းသားကျောင်းသူများ၊ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်ရှိ ကျောင်းသား၊ ကျောင်းသူများနှင့်လည်း တွေ့ဆုံခဲ့သည်။

EU သံအမတ်ကြီး ရိုလန်ကိုဘီယာသည် Mandalay Hill Resort Hotel ၌ မန္တလေးမြို့ခံ သတင်း မီဒီယာများနှင့် သြဂုတ်လ ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်တွင် တွေ့ဆုံဦးမည် ဖြစ်သည်။ 


  • VIA