News

POST TYPE

MANDALAY

မင်္ဂလာ (ယာယီ) ဈေးသစ် သြဂုတ်လကုန်ပိုင်းတွင် မဲနှိုက် ဖွင့်လှစ်မည်
22-Aug-2016
မန္တလေး၊ သြဂုတ် ၂၁

မီးဘေးသင့်ခဲ့သည့် မန္တလေးမြို့တော်ရှိ မင်္ဂလာ (ယာယီ) ဈေးသစ်ကို စတင် တည်ဆောက်ချိန်မှ နှစ်လအတွင်း ပြီးစီး ဖွင့်လှစ်ရန် သတ်မှတ် ထားသော်လည်း လာမည့် သြဂုတ် လကုန်ပိုင်းမှသာ မဲနှိုက် ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ယာယီဈေး ဆောက်လုပ်မှု ပြီးစီးသော်လည်း မန္တလေးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများကို ကူညီ ကယ်ဆယ်ရေး ဆောင်ရွက် နေရသည့်အတွက် ယင်းဈေးအပ်နှံမှုကို လက်မခံ နိုင်ခဲ့ခြင်းကြောင့် ယခုလို ဖွင့်လှစ်ရန် နောက်ကျရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။

“ပြီးတာက ရာနှုန်းပြည့် ပြီးသွားပြီ။ နောက်တစ်ပတ် နှစ်ပတ်အတွင်း ဈေးဆိုင်တွေကို မဲနှိုက်ပြီး နေရာ ချထားပေးတော့မှာပါ”ဟု အဆိုပါ ကော်မတီ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် ယာယီ ဈေး အဆောက်အအုံ ဆောက်လုပ်မှု အချိန်မီ ပြီးစီးပြီ ဖြစ်သော်လည်း ဆိုင်ခန်း လိုအပ်မှုအရ ထပ်တိုး ဆောက်ခိုင်းခြင်းမျိုး ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ယာယီဈေးတွင် ရောင်းချခြင်းထက် မင်္ဂလာဈေးကို ပြန်ပြင် ဆောက်လုပ်ကာ မူလနေရာ အတိုင်းသာ ပြန်လည် ရယူလိုကြောင်း မီးဘေးသင့် မင်္ဂလာဈေးသူ၊ ဈေးသားများထံမှ စုံစမ်း သိရှိရသည်။

ယင်းယာယီဈေးမှာ အရေးကြီးသည့်အတွက် သတ်မှတ်ရက်အတွင်း အချိန်မီ မပြီးစီးပါက တစ်ရက်လျှင် ဒဏ်ကြေး ကျပ် တစ်သိန်း ပေးဆောင်ရမည့်အပြင် နောက်နောင် တင်ဒါခေါ်သည့် အခါများတွင်လည်း ယှဉ်ပြိုင်ခွင့် မပြုသည်အထိ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့တော်ဝန်က တင်ဒါ ခေါ်ယူစဉ်က ပြောကြားခဲ့သည်။

မန္တလေးမြို့ မင်္ဂလာဈေးတွင် ပြီးခဲ့သည့် မတ်လ ၂၂ ရက် ညနေ ၅ နာရီ မိနစ် ၃ဝ ခန့်က မီးလောင်ကျွမ်းခဲ့ရာ ရုံးခန်း၊ လူနေ တိုက်ခန်းနှင့် ဈေးဆိုင်ခန်း စုစုပေါင်း သုံးရာနီးပါး ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ စုံစမ်း သိရှိရသည်။


  • VIA