News

POST TYPE

MANDALAY

ဆောက်လုပ်ရေးလုပ်ငန်းရှင်များ Pile လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် လျှောက်ထားရမည်
21-Aug-2016
မန္တလေး၊ သြဂုတ် ၂၁
မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း အထပ်မြင့်၊ အထပ်နိမ့် အဆောက်အအုံ ဆောက်လုပ်ရာတွင် မြေတူး လုပ်ငန်းများကို Pile လုပ်ငန်းဖြင့် တွင်ကျယ်စွာ ဆောင်ရွက်လျက် ရှိကြရာ ယခင်က လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် သတ်မှတ်ခြင်း၊ အခွန် ပေးသွင်းစေခြင်းများ မရှိသော်လည်း သြဂုတ်လ ၂၄ ရက်နေ့မှ စတင်၍ ယင်းအတွက် လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် လာရောက် လျှောက်ထားရမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။ 

မန္တလေးခရိုင် ခြောက်မြို့နယ်အတွင်း အထပ်မြင့်၊ အထပ်နိမ့် အဆောက်အအုံများ ဆောက်လုပ်ရာတွင် ဘေးပတ်ဝန်းကျင် မထိခိုက်စေရေးနှင့် မြေပြိုမှုများ မဖြစ်ပေါ်စေရေး အဆောက်အအုံများ၏ Foundation လုပ်ငန်းကို Pile လုပ်ငန်းဖြင့် ဆောင်ရွက်ခြင်းကို လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် သတ်မှတ်တော့မည် ဖြစ်ကြောင်း အဆိုပါ ကော်မတီ၊ အဆောက်အအုံနှင့် ကုန်ရုံဌာန အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

“အဆောက်အအုံတွေ ဆောက်လုပ်တဲ့အခါ ပတ်ဝန်းကျင် မထိခိုက်အောင်နဲ့ မြေပြိုမှုတွေ မဖြစ်ပွားအောင် အချိန်နဲ့ တစ်ပြေးညီ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ အရင်ကတော့ ဒီအတွက် လိုင်စင်တို့ အခွန်တို့ မသတ်မှတ်ခဲ့ပေမယ့် ကော်မတီ အနေနဲ့ လုပ်ကိုင်ခွင့် လိုင်စင် ပြုလုပ်ပြီးမှ လုပ်ကိုင်ကြဖို့ အသိပေး လိုက်ပါပြီ”ဟု ၎င်းက ဆိုသည်။ 

အဆိုပါ ကော်မတီ၏ သတ်မှတ်ချက်အရ မန္တလေးမြို့တော် စည်ပင်သာသာရေး ကော်မတီ နယ်နိမိတ်အတွင်း Pile လုပ်ငန်းဖြင့် ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ အနေနှင့် သြဂုတ်လ ၂၄ ရက်နေ့မှ စတင်၍ လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် လျှောက်ထားကြရန် ယင်းကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနက အသိပေး နှိုးဆော်ထားသည်။ 

“အခုခေတ်က အရင်လို မဟုတ်တော့ဘူး။ အရင်က တစ်ထပ် နှစ်ထပ် တိုက်ဆောက်မယ်ဆို ဖောင်ဒေးရှင်း အုတ်ခုံလောက် ချရင်ရပေမယ့် အခုနောက်ပိုင်း အဆောက်အအုံတွေက ခုနစ်ထပ်၊ ရှစ်ထပ်ကနေ အထပ် ၂ဝ ကျော်အထိ မြင့်လာပြီ။ Pile လုပ်ငန်းတွေ သုံးလာတော့ ဘေးပတ်ဝန်းကျင် မထိခိုက်အောင် ဆောင်ရွက် ရတယ်။ လိုင်စင်လုပ်ငန်း ရှိသင့်တာ ကြာပြီ။ စည်းကမ်း စနစ်တကျ ဆောင်ရွက်ပါမှ အဆင်ပြေမှာ။ နိုင်ငံတကာ ပညာရှင်တွေ ပါလာဖို့ လိုပြီ။ မြန်မာနိုင်ငံမှာ တကယ်တမ်း ဒီလို လိုင်စင်ရှိတဲ့ လုပ်ငန်းရှင်က ခုနစ်ဦး၊ ရှစ်ဦးထက် မပိုဘူး။ စည်းကမ်း စနစ်တကျ ဆောင်ရွက်နိုင်အောင် လိုင်စင် သတ်မှတ်တာ သိပ်ကို ကောင်းပါတယ်”ဟု ဆောက်လုပ်ရေး အတွေ့အကြုံ နှစ်ပေါင်း ၅ဝ နီးပါး သက်တမ်းရှိ မန္တလေးမြို့ခံ ဝါရင့် အင်ဂျင်နီယာ တစ်ဦးက ထောက်ခံပြောဆို သည်။

ယင်းသို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အနေနှင့် Pile လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ရရှိပြီးမှသာ လုပ်ကိုင်ကြရမည်ဖြစ်ပြီး လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် ရယူခြင်း မရှိဘဲ လုပ်ငန်းများ ဆောင်ရွက်ပါက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ တည်ဆဲဥပဒေ၊ နည်းဥပဒေများအတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ ထပ်မံ သိရသည်။ 



  • VIA