POST TYPE

LOCAL

လမ်းလျှောက်ဆန္ဒထုတ်ဖော်သည့် ကျူးကျော်များ နေပြည်တော်သို့ ဇွန်လ ၂၅ ရက် ရောက်မည်
ရန်ကုန်၊ ဇွန် ၁၇

လှည်းကူးမြို့နယ် အမြန်လမ်းရှိ ဖယ်ရှားခံ ကျူးကျော်များ ဇွန်လ ၁၅ ရက်မှစ၍ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ရာ ဇွန်လ ၂၅ ရက်တွင် နေပြည်တော်သို့ ရောက်ရှိမည် ဖြစ်ကြောင်း ဆန္ဒပြ လမ်းလျှောက်သူများထံမှ သိရသည်။

ကျူးကျော်အိမ်များ ဖျက်ခံရပြီးနောက် နေစရာအခက်အခဲရှိသူ ၅၀ သည် ဇွန်လ ၁၅ ရက်တွင် လှည်းကူးမြို့နယ်အတွင်း စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ပြီး ဇွန်လ ၁၆ ရက်တွင် ပဲခူးသို့ လည်းကောင်း၊ ထိုမှ ဇွန်လ ၁၇ ရက်တွင် ပဲခူးမှတစ်ဆင့် ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း လမ်းလျှောက်ဆန္ဒပြလျက် ရှိကြောင်း အဆိုပါ ဆန္ဒပြမှုကို ဦးဆောင်သူ ဦးမောင်နိုင်က ပြောကြားသည်။

လမ်းလျှောက်ဆန္ဒထုတ်ဖော်သူများမှာ လှည်းကူးမြို့နယ်၊ စခမ်းကြီးကျေး ရွာနေ ကျူးကျော်နေအိမ် ၄၀၀၀ ကျော်မှ နေစရာ အခက်အခဲရှိသူများ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ဇွန်လ ၁၇ ရက်မနက် ပဲခူးကနေ ထွက်လာတာ နေ့လယ်မှာ ဒိုက်ဦးထဲကို စရောက်ပါပြီ။ ကျွန်တော်တို့ ဆန္ဒပြလမ်းလျှောက်တာ ဆယ်ရက်မှန်းထားတယ်။ နေပြည်တော်ကို ၂၅ ရက်မှ ရောက်ပါမယ်။ အခုအချိန်အထိတော့ ဟန့်တားတာတွေ၊ ဘာတွေ မရှိပါဘူး။ ဒီနေ့ ဒိုက်ဦးမှာ နားမှာပါ” ဟု ၎င်းက ဆိုသည်။

ဇွန်လ ၁၂ ရက်မှ စတင်ဖယ်ရှားခံရသည့် လှည်းကူးမြို့နယ်၊ စခမ်းကြီးကျေးရွာအုပ်စု၊ အမြန်လမ်း မိုင်တိုင်အမှတ်(၃) မိုင်၊ ၅ ဖာလုံ၏ လမ်းဘေးဝဲယာရှိ ကျူးကျော်များ အနေနှင့် လှည်းကူးမှတစ်ဆင့် ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း နေပြည်တော် ပြည်သူ့လွှတ်တော်ရုံးရှေ့သို့ ချီတက်လမ်းလျှောက်ကာ ဆန္ဒပြမည် ဖြစ်သည်။ 

ယင်းအတွက် ဇွန်လ ၁၃ ရက်က လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံ စာတင်ပြီး ဇွန်လ ၁၅ ရက်တွင် နေရာအစားပြန်ပေးရန် ဆိုသည့် ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ  စတင်ဆန္ဒထုတ်ဖော်ခဲ့သည်။

လှည်းကူးရှိ ကျူးကျော်များမှာ စီးပွားဖြစ် ကျူးကျော်များ ဖြစ်သဖြင့် ဖယ်ရှားရခြင်း ဖြစ်ပြီး ယင်းကျူးကျော်များကို မြေနေရာအစားထိုးနှင့် ဝယ်ယူထားသည့် အိမ်တန်ဖိုးပြန်ပေးရန် မရှိကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဦးယုခိုင်က ပြောကြားထားသည်။

လှည်းကူးမြို့နယ်၊ စခမ်းကြီးကျေးရွာအုပ်စု၊ အမြန်လမ်း မိုင်တိုင်အမှတ် (၃) မိုင်၊ ၅ ဖာလုံလမ်းဘေးဝဲယာရှိ  မြေဧက ၁၄၅၃ ဒသမ ၇၂ ဧကပေါ်တွင် နေထိုင်သည့် ကျူးကျော်တဲများကို ဇွန်လ ၁၂ ရက်၊ နံနက် ၉ နာရီခန့်ကစပြီး ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်နှင့် အရပ်သား အလုပ်သမား ၁၀၀၀ ခန့်တို့က စတင်ဖျက်သိမ်းလျက်ရှိသည်။