News

POST TYPE

LOCAL

တန်ဖိုးမြင့်ငွေစက္ကူအတုများ ထိန်းချုပ်ရန် စုံစမ်းစစ်ဆေး
18-Jun-2017 tagged as

ရန်ကုန်၊ ဇွန် ၁၇

နိုင်ငံအနှံ့တွင် တန်ဖိုးမြင့် တစ်သောင်းကျပ် အတုအပ ပြုလုပ်မှုကြောင့် ငွေစက္ကူအတု ဖြန့်ဖြူးသုံးစွဲမှုနှင့် ဆက်နွှယ်သည့် သံသယဖြစ်ဖွယ်များကို ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့သည် ဗဟိုဘဏ်နှင့်ပူးပေါင်း၍ ထိန်းချုပ် တားဆီးရန် စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

ငွေကြေးဆိုင်ရာ အတုပြုလုပ်မှုသည် ငွေကြေးခဝါချမှု ဥပဒေဖြင့် ငြိစွန်းသည့် လုပ်ရပ်တစ်ခုဖြစ်သည်ဟု အစိုးရက သတ်မှတ်ထားကြောင်း၊ နယ်စပ်ဒေသနှင့် ပြည်တွင်းတွင် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လလယ်အထိ ငွေကြေးအတုအပ ပြုလုပ်မှုနှင့်ဆက်စပ်သည့် အမှုပေါင်း ၁၅ မှု ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သော်လည်း ငွေ စက္ကူအတု ထုတ်လုပ်မှု၏ သံသယဖြစ်ဖွယ် ကွင်းဆက်များကို စုံစမ်းထောက်လှမ်းလျက်ရှိကြောင်း ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေး ရဲတပ်ဖွဲ့မှ ရဲအုပ်ကျော်ကျော်ဝင်းက အတည်ပြု ပြောကြားသည်။

“ငွေကြေးအတုအပ ဖန်တီးမှုရဲ့ သဘောတရားနဲ့ အစပြုပျံ့နှံ့စီးဆင်းနေတဲ့ ဖြစ်နိုင်ခြေ အားလုံးကို စိစစ်နေတယ်၊ ဖမ်းမိထားတဲ့ ငွေအတုကိုင်သုံးသူတွေကတစ်ဆင့်လည်း စုံစမ်းနေသလို ဘက်ပေါင်းစုံ ကြိုးပမ်းဖော်ထုတ်နေပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိ အစိုးရသက်တမ်း တစ်နှစ်ကျော်အတွင်း ငွေကြေးခဝါချမှု ဥပဒေနှင့် ဆက်နွှယ်သည့် အမှုပေါင်း ၉၃ မှုကို နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့က ဖွဲ့စည်းပေးထားသည့် စိစစ်ရေးအဖွဲ့က ဦးဆောင်စစ်ဆေးလျက်ရှိပြီး ယင်းအမှုများတွင် ငွေကြေးအတုအပ ပြုလုပ်၍ သန့်စင်သည့် ငွေဖြူအဖြစ်သို့ ဆင့်ကဲ ပြောင်းလဲသော ဖြစ်စဉ်အချို့ ပါဝင်ကြောင်း ဝန်ကြီးဌာနသုံးခုမှ ဖွဲ့စည်းပေးထားသည့် ငွေကြေးခဝါချမှု စိစစ်ရေးအဖွဲ့တွင် ပါဝင်သော အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ ရဲအရာတစ်ဦးက ဖြည့်စွက် ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံတော်ဗဟို ဘဏ်အနေနှင့်လည်း ငွေစက္ကူအတုများ ကိုင်တွယ်သုံးစွဲသူကို တွေ့ရှိခဲ့လျှင် ၎င်း၏ ကိုယ်ရေးမှတ်တမ်းများကို သက်ဆိုင်ရာ ရဲစန်းသို့ အသိပေးရန် ညွှန်ကြားထားပြီး ငွေစက္ကူ ထုတ်ဝေစဉ်ကတည်းက ငွေစက္ကူ၏လုံခြုံရေးဆိုင်ရာ ထူးခြားချက်တို့ကို အများပြည်သူ သိရှိစေရန် ဗဟိုဘဏ် website တွင် ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း ယခုနှစ် ဇွန်လ ၁၃ ရက်က ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းမှုကို မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက အထက်ပါအတိုင်း ပြန်လည် ပြောကြားထားသည်။

“ငွေစက္ကူလုံခြုံပိုင်းကို နိုင်ငံတကာမှာတော့ မကြာခဏ ပြောင်းလဲကျင့်သုံးတတ်တဲ့ အစဉ်အလာတွေရှိတယ်။ အဓိကတော့ ငွေကြေး အတုအပ ပြုလုပ်မှုဆိုတာက နိုင်ငံတစ်နိုင်ငံအတွက် ကြီးလေးတဲ့ တာဝန်ယူမှုနဲ့ ဝိုင်းဝန်းဖြေရှင်းရမယ့် ကိစ္စတစ်ခုဖြစ်တယ်။ အစိုးရ ဘယ်လိုကြပ်မတ်စောင့်ကြည့်မလဲ ဒါအရေးကြီးဆုံးပါပဲ”ဟု တရားလွှတ်တော်ရှေနေ့တစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေတွင် ငွေကြေးနှင့်ပတ်သက်၍ အတုမှန်းသိသော်လည်း သုံးစွဲမှု၊ အတုပြုလုပ်မှု စသည့် ပြစ်မှုများကို ဖော်ပြထားပြီး ပုဒ်မ ၁၀၅ အရ ထောင်ဒဏ် ၃ နှစ်နှင့် ဒဏ်ငွေဖြစ်စေ ချမှတ်နိုင်ပြီး ပုဒ်မ ၁၀၆ အရ ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်ရန် ဖော်ပြထားသည်။

J-17

  • TAGS