POST TYPE

LOCAL

တက္ကသိုလ်ဝင်တန်းဖြေဆိုသော အကျဉ်းသား၊ အကျဉ်းသူ ၄၀ ကျော်အနက် ၁၆ ဦး အောင်၊ ၆ ဦး ဂုဏ်ထူးရရှိ
18-Jun-2017 tagged as


ရန်ကုန်၊ ဇွန် ၁၇

တက္ကသိုလ်ဝင်တန်း(ဆယ်တန်း) စာမေးပွဲကို အကျဉ်းသား ၄၀ ကျော် ဖြေဆိုခဲ့သည့်အနက် ၁၆ ဦး အောင်မြင်ပြီး ၆ ဦး ဂုဏ်ထူးရရှိခဲ့ကြောင်း အကျဉ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောကြားသည်။

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှ ၂၈ ဦးဖြေဆိုသည့်အနက် ၉ ဦး အောင်မြင်ပြီး တစ်ဦး ဘောဂဗေဒ ဘာသာရပ်တွင် တစ်ဘာသာ ဂုဏ်ထူး ရရှိသည်။

ဂုဏ်ထူးရ အကျဉ်းသားသည် မူးယစ်ဆေးဝါးမှုဖြင့် အကျဉ်းကျခဲ့သူ ဖြစ်သည်။ ဖြေဆိုသူ အားလုံးသည် မူးယစ်မှု၊ ခိုးမှု၊ လုယက်မှု၊ လူသတ်မှုဖြင့် ရောက်လာသူများဖြစ်သည်။

အောင်မြင်သည့် အကျဉ်းသားများကို အဝေးသင်တက္ကသိုလ် တက်ရောက်စေရန် အားပေးထားကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင် ဒုတိယညွှန်ကြားရေးမှူး ထောင်ပိုင်ကြီး ဦးမျိုးဦးက ပြောကြားသည်။

“ရှုံးလို့ စိတ်ပျက်နေသူတွေကိုလည်း ဆက်ဖြေအောင် စည်းရုံးပေးနေပါတယ်”ဟု ထောင်ပိုင်ကြီးက ပြောကြားသည်။

မန္တလေး အိုးဘိုထောင်မှ ၁၁ ဦး ဖြေဆိုသည့်အနက် ၇ ဦး အောင်မြင်သည်။ သုံးဘာသာ ဂုဏ်ထူးရှင် တစ်ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် လေးဦးရှိသည်။

သုံးဘာသာ ဂုဏ်ထူးရရှိသူမှာ မူးယစ်ဆေးဝါးမှုဖြင့် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဧပြီလအတွင်းက အကျဉ်းကျခဲ့သည့် အသက် ၁၉ နှစ်အရွယ် အကျဉ်းသူတစ်ဦး ဖြစ်သည်။

သာယာဝတီ အကျဉ်းထောင်နှင့် ဘားအံ အကျဉ်းထောင်တွင် ဖြေဆိုသူ တစ်ဦးစီသာ ရှိခဲ့ပြီး အောင်မြင်သူ မရှိခဲ့ပေ။

အကျဉ်းထောင်များတွင် အသက်အရွယ်အရ ဆက်လက် ပညာသင်ယူရန် လိုအပ်သည်ဟု ယူဆသော ပြစ်ဒဏ်ကျ အကျဉ်းသားများကို ဆက်လက်ပညာ သင်ယူစေရန် အကျဉ်းဦးစီးဌာနက စီစဉ်ထားသည်။

အင်းစိန်အကျဉ်းထောင်တွင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ ဆယ်တန်း ဖြေဆိုရန် ခွင့်ပြုခဲ့သည်။

လက်ရှိအချိန်အထိ အင်းစိန် အကျဉ်းထောင်မှ ဆယ်တန်းအောင်မြင်သူ အကျဉ်းသား ၃၀ ခန့်ရှိပြီး အဝေးသင်တက္ကသိုလ် စာမေးပွဲဖြေဆိုမည့် အကျဉ်းသား ၁၃ ဦးရှိသည်။

ပထမနှစ်ကျောင်းသား ၁၀ ဦးနှင့် ဒုတိယနှစ် ကျောင်းသား ၃ ဦးအတွက် အဝေးသင် တက္ကသိုလ် ပထမနှစ်ဝက် စာစဉ်များကို ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်သို့ တင်သွင်းထားကြောင်း အင်းစိန်အကျဉ်းထောင်မှ သိရှိရသည်။

M-04/ J-17

  • TAGS