POST TYPE

LOCAL

မြယာကုန်း ပဋိပက္ခတွင် ပါဝင်ခဲ့သည်ဟုဆိုသော သံဃာတော်နှစ်ပါးကို တရားခံပြေးအဖြစ် ကြေညာ
18-Jun-2017 tagged as မြယာကုန်း

ရန်ကုန်၊ ဇွန် ၁၇ 

မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြယာကုန်း ပဋိပက္ခတွင် ပါဝင်ခဲ့သည်ဟုဆိုသော ဆရာတော် ဦးသုစိတ္တနှင့် ဆရာတော် ဦးပညာဝံသတို့ကို တရားခံပြေးအဖြစ် ဇွန်လ ၁၆ ရက်နေ့က ကြေညာခဲ့ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံးထံမှ သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်း ကုန်းရပ်ကွက်၊ မြယာကုန်းလမ်းနှင့် ၁၂၂ လမ်းထိပ်ရှိ ၈ လွှာတိုက်ခန်းတစ်ခုတွင် ခိုးဝင်ဘင်္ဂါလီများ ဝင်ရောက်နေသည်ဟုဆိုကာ မေလ ၉ ရက် ည ၁၀ နာရီကျော်ခန့်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လဝကမှူးနှင့် တာဝန်ရှိသူများအပြင် မျိုးချစ် မြန်မာရဟန်းတော်များ သမဂ္ဂအဖွဲ့မှ သံဃာတော်နှစ်ပါးနှင့်အတူ အမျိုးသား၊ အမျိုးသမီး အင်အား ၄၀ ခန့်က ဝင်ရောက်စစ်ဆေးရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပေါ်ခဲ့ပြီး ရဲတပ်ဖွဲ့မှ သေနတ် သုံးချက်ပစ်ဖောက် ထိန်းသိမ်းခဲ့ရသဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဆရာတော်နှစ်ပါးက ဒီနေ့အထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးဘူး၊ လာရောက် အဖမ်းခံမှုလည်း မရှိဘူး၊ အဲဒါကြောင့် ဒီအမှုနဲ့ပတ်သက်လို့ ဆက်စစ်နိုင်အောင် ကြားဖြတ် အမိန့်အဖြစ် ချမှတ်ခဲ့တာပါ၊ လာမယ့် မေလ ၂၇ ရက်နေ့ကျရင် တရားလိုဖြစ်တဲ့ ရဲမှူးကို စစစ်မယ်၊ ဆရာတော်တွေကို တရားခံပြေးအဖြစ် ကြေညာထားတဲ့အတွက် ဘယ်နေရာမှာမဆို ဖမ်းဆီးနိုင်မှာ ဖြစ်ပါတယ်”ဟု မင်္ဂလာတောင်ညွန့် မြို့နယ်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ယင်းပဋိပက္ခတွင် ပါဝင်ခဲ့သည်ဟု ဆိုသော သံဃာတော်နှစ်ပါးနှင့် လူပုဂ္ဂိုလ် ငါးဦးကို မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ဦးက မေလ ၁၁ ရက် မွန်းလွဲပိုင်းတွင် ယင်းမြို့နယ် တရားရုံးသို့ ရဲအရေးမပိုင်သည့်အမှု အမှတ်စဉ် (၁/၁၇)၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ဂ)/၃၄ ဖြင့် ဦးတိုက် လျှောက်ထား တရားစွဲဆိုခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးနိုင်ရန် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဦးတိုက်လျှောက်ထား တရား စွဲဆိုခဲ့ပြီး ဦးဆောင်ပါဝင်သည်ဟုဆိုသော ကိုလတ်(ခ)တင်ထွဋ်ဇော်နှင့် ၎င်း၏ဇနီး မအောင်အောင်မြင့်တို့ကို ဇွန်လ ၁၁ ရက်ညပိုင်းက ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်ပါဝင်သည်ဟုဆိုသော ကိုတင်လင်းထိုက်(ခ) လင်းလင်း၊ ကိုတင်ဌေးအောင် (ခ)အကြီးကောင်နှင့် ကိုမြတ်ဖုန်းမိုရ်တို့မှာ ဇွန်လ ၁၅ ရက်နေ့က ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြောင်း၊ ဆရာတော် ဦးသုစိတ္တနှင့် ဦးပညာဝံသတို့မှာ ယနေ့ အချိန်အထိ လာရောက်ဖမ်းဆီးခံခြင်း မရှိပေ။

J 16