POST TYPE

LOCAL

မြောက်ပိုင်းအဖွဲ့ကို တွေ့ဆုံရန် အစိုးရကမ်းလှမ်း
17-Jun-2017 tagged as NRPC NCA TNLA

Nရန်ကုန်၊ ဇွန် ၁၇

မြောက်ပိုင်းအဖွဲ့များကို တရုတ်နိုင်ငံ၌ တွေ့ဆုံရန် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဘက်မှ ကမ်းလှမ်းထားကြောင်း မြောက်ပိုင်းအဖွဲ့ဝင် တအာင်း/ပလောင် (TNLA) အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်က The Voice သို့ ပြောကြားသည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဌာနက မြောက်ပိုင်းအဖွဲ့ထံ ဇွန်လ ၁၄ ရက်နေ့က ဆက်သွယ်၍ NRPC အနေနှင့် မြောက်ပိုင်းအဖွဲ့ကို တွေ့ဆုံလိုသည်ဟု ကမ်းလှမ်းချက် ရရှိထားကြောင်း ပြောကြားလာခဲ့ကြောင်း ဗိုလ်မှူးကြီး တာဘုန်းကျော်က ဆိုသည်။

“တွေ့မယ်ဆိုရင်တော့ ကျွန်တော်တို့လည်း တွေ့ချင်ပါတယ်။ တွေ့မယ်ဆိုရင်တော့ ကျွန်တော်တို့ ကော်မတီအလိုက် (ပန်ခမ်းကော်မတီ) ပဲ တွေ့မယ်လို့ ပြန်ပြောထားပါတယ်။ ဘယ်နေ့တွေ့မယ်ဆိုတာတော့ ဘာမှ မညှိနှိုင်းရသေးပါဘူး။ ဘယ်လိုခေါင်းစဉ်ကို ဆွေးနွေးမလဲဆိုတာလည်း မသိရသေးပါဘူး”ဟု ၎င်းက ဆိုသည်။

မြောက်ပိုင်း လက်နက်ကိုင် ခုနစ်ဖွဲ့သည် ပြီးခဲ့သည့် ဒုတိယအကြိမ် ပင်လုံညီလာခံသို့ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် လေ့လာသူအနေနှင့် တက်ရောက်ခဲ့ပြီး အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် လမ်းစပေါ်လာပြီဟု ထုတ်ဖော်ပြောဆိုထားသည်။

NCA လမ်းကြောင်းအတိုင်းသာ ရှေ့ဆက်သွားမည်ဟု အတိအလင်း ပြောဆိုထားပြီး မြောက်ပိုင်းအဖွဲ့၏ NCA လမ်းကြောင်းကို ငြင်းပယ်ထားခြင်းကြောင့် မြောက်ပိုင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် ခက်ခဲနေသည့် အခြေအနေတွင်ရှိကြောင်း အစိုးရ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တစ်ဦးက ဆိုသည်။

“တွေ့ဖြစ်မယ်ဆိုရင်လည်း ခုနစ်ဖွဲ့လုံးနဲ့ မတွေ့ဘူး။ အရင် ဆွေးနွေးသလိုပဲ တစ်ဖွဲ့ချင်း ခွဲတွေ့ဖို့ပဲ ရှိမယ်”ဟု ယင်းတာဝန်ရှိသူ အလွတ်သဘော ပြောဆိုသည်။

မြောက်ပိုင်းအဖွဲ့ နေပြည်တော်သို့ လာရောက်စဉ်က နေပြည်တော်ရှိ ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်လာစဉ်က မြောက်ပိုင်းအဖွဲ့၏ အပစ်ရပ် စာချုပ်နှင့် နိုင်ငံရေး မူဝါဒများကို ထုတ်ပြန်ခဲ့သည်။

ပန်ခမ်း ညီလာခံမှ ဖွဲ့ထားသည့် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ကို “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) က ဦးဆောင်ပြီး မိုင်းလား (NDAA)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ တအောင်း ပလောင်အဖွဲ့ (TNLA)၊ ကိုးကန့် (MNDAA) စသည့်အဖွဲ့ ခုနှစ်ဖွဲ့ပါဝင်သည်။ 

J-08