POST TYPE

LOCAL

လူနာမှတ်တမ်းများကို ဆော့ဖ်ဝဲအသုံးပြုသိမ်းဆည်းသည့်စနစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စမ်းသပ်သုံးစွဲမည်
ရန်ကုန်၊ ဇွန် ၁၆

လူနာစာရင်းသွင်းခြင်းနှင့် ဆေးရုံဆင်းခြင်း မှတ်တမ်းများကို ဆော့ဖ်ဝဲအသုံးပြု၍ သိမ်းဆည်းသည့်စနစ် ဖြစ်သည့် Electronic Medical Record ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ဆေးကုသဆောင်အချို့တွင် စတင်စမ်းသပ်သုံးစွဲမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့်ဆိုင်သော နည်းပညာကုမ္ပဏီ ဖြစ်သည့် Koe Koe Tech ၏ Chief Technical Officer ဒေါက်တာရာဇာမင်းထူးက ပြောဆိုသည်။

Electronic Medical Record ဖြင့် မှတ်တမ်းများ သိမ်းဆည်းခြင်းတွင် ဆေးရုံစီမံခန့်ခွဲမှုဆိုင်ရာနှင့် ဆေးကုသမှု မှတ်တမ်းများ သိမ်းဆည်းခြင်းဟူ၍ အပိုင်းနှစ်ပိုင်း ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

“နိုင်ငံခြားက ဆရာဝန်တွေတောင် အချက်အလက်တွေကို ကွန်ပျူတာနဲ့ သွင်းရတာ မကြိုက်ဘူး။ အခြေခံလိုအပ်တဲ့ ကွန်ပျူတာ ဝယ်ရတာမျိုး ရင်းနှီးမြှပ်နှံရမယ့်ဟာ သက်သာအောင်၊ ကွန်ပျူတာနဲ့ မဟုတ်ဘဲ ဖုန်းနဲ့အသုံးပြုနိုင်အောင် လုပ်ထားတယ်” ဟု ဒေါက်တာရာဇာမင်းထူးက ဆိုသည်။

အဆိုပါစနစ်ကို သုံးစွဲခြင်းဖြင့် အခြေခံလိုအပ်သည့် စက်ပစ္စည်းများ သာမက လူ့စွမ်းအားအရင်းအမြစ်များစွာ သုံးစွဲရခြင်းကိုလည်း လျှော့ချနိုင်မည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

ယင်းစနစ်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်  ဇွန်လ ၂၆ ရက်နေ့၌ စမ်းသပ်သုံးစွဲမည် ဖြစ်ကြောင်း  Koe Koe Tech ထံမှ သိရသည်။