News

POST TYPE

LOCAL

ဘုရင့်နောင်ပွဲရုံ ပြောင်းရွှေ့မည့်နေရာ မြေယာလျော်ကြေးကိစ္စ ပြည်ထောင်စုအစိုးရထံ တင်ပြထားဟုဆို
16-Jun-2017 tagged as

(ပုံစာ -ဘုရင့်နောင်ပွဲရုံ ယာဉ်ရပ်နားစခန်းအား တွေ့ရစဉ်)  

ရန်ကုန်၊ ဇွန် ၁၆

ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ် ရပ်နားစခန်း ပြောင်းရွှေ့မည့်နေရာ၏ မြေယာလျော်ကြေးကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံ စာတင်ထားကြောင်း စီမံကိန်း မြေနေရာမှ လယ်သမားများက ပြောကြားသည်။

ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ် ရပ်နားစခန်းကို ရွှေပြည်သာမြို့နယ် ဝါးတစ်ရာ စက်မှုဇုန်အနီး မြေဧက ၁၆၉  ဒသမ ၉ ဧကပေါ်သို့ ပြောင်းရွှေ့ရန် စီစဉ်နေပြီး မြေယာလျော်ကြေး ၂၀ ရာခိုင်နှုန်းခန့်  ပေးမည်ဟု ပြောဆိုထားခြင်းအပေါ် ၅၀ ရာခိုင်နှုန်းအထိ ရရှိရန် တင်ပြတောင်းဆိုခြင်း ဖြစ်သည်။

“တိုင်းဒေသကြီး အစိုးရအဖွဲ့က ညှိနှိုင်းမယ်လို့ ပြောတယ်။ အစိုးရအဖွဲ့ကို တွေ့ခွင့်တောင်းပေမယ့် တွေ့ခွင့်မရဘူး။ ဒါကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြထားတယ်” ဟု စီမံကိန်း မြေနေရာမှ  လယ်သမား ဦးရဲကျော်ဇောက ဆိုသည်။

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့သို့ စာပေးပို့ တောင်းဆိုထားပြီး တစ်စုံတစ်ရာ အကြောင်းပြန်ခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ  ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နားစခန်း မြေနေရာသည် တပ်မတော်ပိုင်မြေကို ငှားရမ်းအသုံးပြုခြင်း ဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဗဟိုကော်မတီက နှစ် ၃၀ ဖြင့် ငှားရမ်းကာ ပွဲရုံပိုင်ရှင်များကို ၂၅ နှစ် မြေငှားဂရန်ဖြင့် ငှားရမ်းပေးထားသည်။

လက်ရှိတွင် ဂရန်သက်တမ်းပြည့်သဖြင့် ပွဲရုံကို ပြောင်းရွှေ့ရန် စီစဉ်ခြင်း ဖြစ်သော်လည်း ပွဲရုံလုပ်ငန်းရှင်များ၏ ကန့်ကွက်မှုကြောင့် မြေငှားဂရန် တစ်နှစ်သက်တမ်း တိုးပေးထားသည်။ သို့သော်လည်း ယင်းပွဲရုံနှင့် ကုန်တင်ယာဉ် ရပ်နားစခန်း ပြောင်းရွှေ့ရန် စီစဉ်နေခြင်းကြောင့် လယ်ယာမြေလျော်ကြေး ကိစ္စကို ဖြေရှင်းပေးရန် လယ်သမားများက တောင်းဆိုလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ဘုရင့်နောင်ကုန်စည် ဒိုင်ပြောင်းရွှေ့ရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်နေကြောင်း ပြီးခဲ့သည့် မေလ ၂၀ ရက်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့်  စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ပြောဆိုထားသည်။

  • TAGS