POST TYPE

LOCAL

သတင်းမီဒီယာလွတ်လပ်ခွင့် လက်မှတ်ထိုး လှုပ်ရှားမှု ပြုလုပ်မည်
16-Jun-2017 tagged as သတင်းမီဒီယာ

ရန်ကုန်၊ ဇွန် ၁၆

သတင်းမီဒီယာ လွတ်လပ်ခွင့် ရရှိရန် ပြုလုပ်နေသည့် လက်ပတ်ဖြူ လှုပ်ရှားမှုကို ဇွန်လ ၁၈ ရက်နေ့တွင် ရပ်ဆိုင်းပြီး လက်မှတ်ထိုးသည့် လှုပ်ရှားမှု ပြုလုပ်မည် ဖြစ်ကြောင်း သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ တာဝန်ရှိသူ ကိုသာလွန်ဇောင်းထက်က ပြောကြားသည်။

“လက်ပတ်ဖြူ လှုပ်ရှားမှုအစား လက်မှတ်ကောက်ယူတဲ့ လှုပ်ရှားမှုကို သွားမယ်။  နောက်ပိုင်းအခြေအနေတွေ ကြည့်ပြီးလည်း ဆက်လုပ်သွားမှာတွေ ရှိတယ်” ဟု ကိုသာလွန်ဇောင်းထက်က ဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ် ၁၂ မြို့နယ်မှ သတင်းမီဒီယာသမားများသည်  သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် လက်ပတ်ဖြူ လှုပ်ရှားမှုများကို ပြုလုပ်နေပြီး နောက်ပိုင်းတွင် လက်မှတ်ထိုးသည့် လှုပ်ရှားမှုကို ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။  

အဆိုပါ လှုပ်ရှားမှုမှ ရရှိလာမည့် လက်မှတ်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့ထံ တင်ပြမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာသတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီက သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် ဇွန်လ ၁၆  ရက်နေ့တွင် ရွှေဂုံတိုင်နှင့် မြို့တော်ခန်းမရှေ့တွင် လက်ပတ်ဖြူ လှုပ်ရှားမှု ပြုလုပ်ပြီး ပြည်သူများကို ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) အကြောင်း ရေးသားထားသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေကြသည်။  

အဆိုပါ လှုပ်ရှားမှုများကို ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) ဖြင့် ထောင်ဒဏ်ကျခံခဲ့သူ မောင်ဆောင်းခအဖွဲ့နှင့်အတူ အခြားအဖွဲ့အစည်းပေါင်း နှစ်ဆယ်ခန့်က ဆောင်ရွက်ကြခြင်း ဖြစ်သည်။