POST TYPE

LOCAL

ရန်ကုန် Water Taxi ယခုလကုန် နောက်ဆုံးထား၍ စတင်ပြေးဆွဲမည်
16-Jun-2017 tagged as ရန်ကုန်

ရန်ကုန်၊ ဇွန် ၁၆

လှိုင်မြစ်အတွင်း ပြေးဆွဲမည့် Water Taxi ကို ယခုလကုန် နောက်ဆုံးထား၍  စတင်ပြေးဆွဲမည် ဖြစ်ကြောင်း ယင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ရထားသည့် တင့်တင့်မြန်မာကုမ္ပဏီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

လက်ရှိတွင် လှိုင်သာယာမြို့နယ် တစ်ဖက်ကမ်း အင်းစိန်မြို့နယ် အောင်ဇေယျ ကြိုးတံတားမှ ဗိုလ်တထောင်မြို့နယ်အထိ ပြေးဆွဲမည့် အဆိုပါ Water Taxi အတွက် ဆိပ်ကမ်းရှစ်ခု တည်ဆောက်ထားပြီး အချို့မှာ အချောသပ်လုပ်ငန်းများ လုပ်ဆောင်လျက် ရှိသည်ဟု ၎င်းက ဆိုသည်။

ဆိပ်ကမ်းရှစ်ခုအနက် လှိုင်သာယာဘက်ကမ်းတွင် တစ်ခုပါဝင်ပြီး ကျန်ရှိသည့် ဆိပ်ကမ်းခုနစ်ခုမှာ အင်းစိန်၊ မရမ်းကုန်း၊ ကြည့်မြင်တိုင်၊ ဗိုလ်တထောင် ဘက်ခြမ်းတွင်သာ တည်ဆောက်ထားသည်ဟု  အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

Water Taxi ပြေးဆွဲပြီး နောက်ပိုင်းတွင် ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ ကျေးရွာများဘက်တွင် ဆိပ်ကမ်းများ ထပ်မံတည်ဆောက်သွားမည်ဟု အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

မိုးရာသီအတွင်း ရေယာဉ်ပြေးဆွဲရမည်ဖြစ်၍ ခရီးသည်များ၏ ဘေးကင်းလုံခြုံမှုအတွက် အဓိက ဦးစားပေး၍ ပြင်ဆင်ထားသည်ဟု အမည်မဖော်လိုသည့် အဆိုပါပုဂ္ဂိုလ်က ဆိုသည်။

“ကျွန်တော်တို့ CEO နဲ့ တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတွေ ဖွင့်မယ့်ရက်ကို ညှိနှိုင်းနေပါတယ်။ ဒီလကုန် နောက်ဆုံးလို့ ပြောရင်ရပါတယ်” ဟု ၎င်းက ဆိုသည်။

Water Taxi များကို လာမည့် သီတင်းပတ်အတွင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားထားသည်။

Water Taxi အတွက် တည်ဆောက်နေသော ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ဆိပ်ကမ်းမှာ ယခုလကုန်မှသာ ပြီးစီးနိုင်မည်ဟု ခန့်မှန်းကြောင်း ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ရန်ကုန်၏ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျှော့ရန် ရည်ရွယ်သည့် Water Taxi များကို ပြီးခဲ့သည့် မေလအတွင်း ပြေးဆွဲရန် လျာထားခဲ့သော်လည်း ဆိပ်ကမ်းများ တည်ဆောက်မှု မပြီးခြင်းနှင့် ပြည်ပမှ မှာယူထားသည့် ရေယာဉ်များ ရောက်ရှိမလာခြင်းတို့ကြောင့် နောက်ကျခဲ့ရသည်။ 

Water Taxi ပြေးဆွဲခွင့်ရသည့် တင့်တင့်မြန်မာ ကုမ္ပဏီသည် ခရီးသွားလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သည့် ကုမ္ပဏီ ဖြစ်သည်။

အဆိုပါ Water Taxi စီမံကိန်းသည် ပွင့်လင်းမြင်သာမှုမရှိ ဟူသော အကြောင်းပြချက်ဖြင့် ပြီးခဲ့သည့် လွှတ်တော်အတွင်း လွှတ်တော်ကိုယ်စားလှယ်များ၏ ဝေဖန်မှုများကို ခံထားရသည်။