News

POST TYPE

LOCAL

နိုင်ငံရေးတရား ဟောကြားခဲ့သော ဆရာတော်သုံးပါးကို မိုးကုတ်ဝိပဿနာအဖွဲ့ဝင် အဖြစ်မှ ထုတ်ပယ်
16-Jun-2017 tagged as နိုင်ငံရေး

ရန်ကုန်၊ ဇွန် ၁၅

နိုင်ငံရေးတရား ဟောကြားခဲ့သော မိုးကုတ်ဝိပဿနာအဖွဲ့ချုပ် အသိအမှတ်ပြု ဓမ္မကထိက ဆရာတော်သုံးပါးကို အဆိုပါ အဖွဲ့ချုပ်က ထုတ်ပယ်လိုက်ကြောင်း မိုးကုတ်ဝိပဿနာအဖွဲ့ထံမှ သိရသည်။

မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်မှ ထုတ်ပယ်ခံရသော ဆရာတော်သုံးပါးသည် အဖွဲ့ချုပ်၏ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်၍ နိုင်ငံရေးတရားများ ဟောပြောခြင်းများ ပြုလုပ်ခြင်းကြောင့် ပြည်သူအချို့မှ မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်ထံ တိုင်ကြားခဲ့သည်။

ထိုသို့ တိုင်ကြားချက်များ ပေါ်လွင်ခြင်းကြောင့် ဆရာတော် ဦးပညာစာရ၊ ဦးသုနန္ဒ၊ ဦးသောပါက စသည့် ဆရာတော် သုံးပါးကို မိုးကုတ်ဝိပဿနာ အသိအမှတ်ပြု ဓမ္မကထိကအဖြစ်မှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“ဆရာတော်သုံးပါးကို မိုးကုတ်ဝိပဿနာအဖွဲ့ချုပ် အသိအမှတ်ပြုကတ်တွေကို ပြန်ပြီး တောင်းခံထားပါတယ်။ အဖွဲ့ချုပ်ကနေ ထုတ်ပယ်တဲ့ သဘောပါ။ နိုင်ငံရေးတရားတွေ ဟောခွင့်ကို လုံးဝခွင့်မပြုထားဘူး။ တိုင်ကြားတဲ့ ပြည်သူတွေက ဆရာတော်တွေ ဟောခဲ့တဲ့ နိုင်ငံရေး တရားခွေတွေ သက်သေအထောက်အထားတွေနဲ့ တိုင်ကြားခဲ့တယ်” ဟု မိုးကုတ်ဝိပဿနာအဖွဲ့ချုပ် ရုံးအဖွဲ့မှူးက The Voice သတင်းစာသို့ ပြောသည်။

ထုတ်ပယ်ခံရသော ဆရာတော်အချို့သည် ၅၉ (စ) ပြင်ဆင်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ စသည့် ပုဒ်မများသည် ပြင်ဆင်ရန် မသင့်သော ပုဒ်မများ ဖြစ်ကြောင်း ဟောပြောခဲ့သည်။ 

ထိုသို့ ဟောပြောချက်များ ရှိခြင်းကြောင့် ဇွန်လ ၅ ရက်နေ့၌ မိုးကုတ်ဝိပဿနာ အလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

လက်ရှိအချိန်၌ မိုးကုတ်ဝိပဿနာ အဖွဲ့ခွဲပေါင်း ၇၀၀ ကျော်ခန့်ရှိပြီး အဖွဲ့ဝင် ဆရာတော်ပေါင်း ၄၀၀ ကျော်ခန့် ရှိသည်။

“ထုတ်ပယ်ခံရတဲ့ ဆရာတော်တွေက မိုးကုတ်ဝိပဿနာ တရားပွဲတွေနဲ့ ပတ်သက်ရင် တရားဟောခွင့် မရှိတော့ဘူး။ သို့သော်လည်း အခြားသော ပြည်သူတွေက တရားဟောခွင့် ပင့်ဖိတ်ရင်တော့ ဟောခွင့်ရှိပါတယ်” ဟု မိုးကုတ်ဝိပဿနာ ရုံးအဖွဲ့က ဆက်လက်ပြောသည်။