News

POST TYPE

LOCAL

၁၇ နှစ်ကြာ ပိတ်ထားသည့် အင်းစိန် GTI ဒီဇင်ဘာလဆန်း ပြန်ဖွင့်မည်
16-Jun-2017 tagged as အင်းစိန်

ရန်ကုန်၊ ဇွန် ၁၅

နှစ်ပေါင်း ၁၂၀ ကျော် သက်တမ်းရှိပြီး ၁၇ နှစ်ကြာ ပိတ်ထားခဲ့သည့် သမိုင်းဝင် အစိုးရစက်မှု၊ လက်မှုသိပ္ပံကျောင်း အင်းစိန် GTI ကို ယခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်သည်။

မြို့ပြအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ အီလက်ထရွန်နစ် အင်ဂျင်နီယာ၊ လျှပ်စစ်အင်ဂျင်နီယာနှင့် သတင်းအချက်အလက် နည်းပညာ ဘာသာရပ် ငါးခုကို သုံးနှစ်ကြာ သင်ကြားမည် ဖြစ်သည်။ 
သင်တန်းပြီးလျှင် ဒီပလိုမာပေးမည် ဖြစ်သည်။ 

ဘာသာရပ်တစ်ခုလျှင် ကျောင်းသား၊ ကျောင်းသူ ၄၀ ဦးနှုန်းဖြင့် ကျောင်းသား၊ ကျောင်းသူ ၂၀၀ ကို လက်ခံသင်ကြားမည် ဖြစ်သည်။ 

တစ်နိုင်ငံလုံးမှ သိပ္ပံတွဲဖြင့် ဆယ်တန်းအောင်မြင်ပြီး ကျောင်းသားမည်သူမဆို လျှောက်ထားနိုင်မည် ဖြစ်သည်။ 
လျှောက်လွှာတင်ရမည့်ရက်ကို နိုင်ငံပိုင်သတင်းစာများတွင် ကြေညာမည် ဖြစ်သည်။

သင်ကြားမည့် ဆရာ၊ ဆရာမများနှင့် ရုံးပိုင်းဆိုင်ရာ ဝန်ထမ်း ၇၁၀ ဦးကို ပြည်တွင်းနှင့် ဂျာမနီတွင် သင်တန်းပေးလျက်ရှိသည်။ 

ကျောင်းပြန်ဖွင့်ရန် မြန်မာအစိုးရနှင့် ဂျာမနီအစိုးရ ပူးပေါင်း၍ အကြီးစား အဆင့်မြှင့်တင်မှုကို ဇွန်လကုန်တွင် ပြုလုပ်မည် ဖြစ်သည်။ 

လက်ရှိတွင် အဆိုပါ ကျောင်းအတွင်း၌ မျက်နှာကျက်၊ ခေါင်မိုးများ ပျက်စီးနေသည်။ အုတ်နံရံများ၊ သန့်စင်ခန်းများ၊ စင်္ကြန်လျှောက်လမ်း၊ လက်ရမ်း၊ ကွန်ကရစ်ပွတ်လုံး အချို့လည်း ပျက်စီးနေသည်။

အဆင့်မြှင့်တင်ရန် မြန်မာအစိုးရက ကျပ် ၂ ဘီလီယံနှင့် ရုံးပိုင်းဆိုင်ရာများအတွက် ကျပ် ၁ ဒသမ ၅ ဘီလီယံ သုံးစွဲမည် ဖြစ်သည်။ 

ရှေးဟောင်းအမွေအနှစ် အဆောက်အအုံဖြစ်၍ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust) ၏ အကြံဉာဏ်ဖြင့် ဂျာမန်ပညာရှင်များနှင့် ညှိနှိုင်းပြင်ဆင်မည် ဖြစ်သည်။ 

ပြင်ဆင်မွမ်းမံခြင်းကို ပညာရေး ဝန်ကြီးဌာန ဘတ်ဂျတ်ဖြင့်  သုံးစွဲသွားမည်ဖြစ်ပြီး လက်ရှိတွင်  ဂျာမနီအစိုးရက နည်းပညာပိုင်း ကူညီမည် ဖြစ်သည်။ 

ယင်းသတင်းကို ပညာရေး ဝန်ကြီးဌာန နည်းပညာနှင့် သက်မွေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က အတည်ပြု ပြောကြားခြင်း ဖြစ် ည်။

အင်းစိန် GTI ကျောင်း ပြန်ဖွင့်နိုင်ရေး ကူညီရန် အဆင်သင့် ဖြစ်နေသည်ဟု ဂျာမနီနိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန လွှတ်တော်အတွင်းဝန် Mr. Thomas Silberhorn ကဆိုသည်။ 

ကျောင်းအဆင့်မြှင့်တင်ရန်အတွက် မြန်မာ-ဂျာမနီ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစတင်ခြင်း ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၅ ရက်က ယင်းကျောင်းဝင်းအတွင်း ကျင်းပခဲ့သည်။  

မြန်မာအစိုးရ ပညာရေး ဝန်ကြီးဌာန၊ ဂျာမနီနိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါကျောင်းကို ၁၈၉၅ ခုနှစ်က ရန်ကုန်မြို့၊ လသာမြို့နယ်၊ မြို့မကျောင်းလမ်းတွင် Government Engineering School အမည်ဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ 

စတင်ဖွင့်လှစ်စဉ်က ကျောင်းသားခြောက်ဦး တက်ရောက်ခဲ့သည်။ 

ထို့နောက် ၁၉၀၈ ခုနှစ်တွင် Government School and Technical High School ဟု အမည်ပြောင်းကာ အင်းစိန် (လက်ရှိနေရာ) သို့ ပြောင်းရွှေ့ခဲ့သည်။ 

အစိုးရ စက်မှုလက်မှုသိပ္ပံ (အင်းစိန်) ၏ သင်တန်းဖွင့်လှစ်ခြင်းကို ၂၀၀၀ ခုနှစ်တွင် ရပ်နားခဲ့ရသည်။ သို့သော် မည်သည့်အကြောင်းအရင်းကြောင့် ပိတ်ခဲ့ရသည်ကိုမူ တရားဝင် ဖြေကြားခြင်း မရှိပေ။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်သူများကို ယင်းကျောင်းအတွင်း ဖမ်းဆီးချုပ်နှောင်ခဲ့သည်။ 

နှစ်ပေါင်း ၁၂၀ ကျော် သက်တမ်းရှိပြီ ဖြစ်သော သမိုင်းဝင်ကျောင်း တစ်ကျောင်း ဖြစ်ပြီး AGTI ဒီပလိုမာ လက်မှတ်ရ အင်ဂျင်နီယာ ပညာရှင်များကို မွေးထုတ်ပေးခဲ့သည်။        
                
ရွှေဖူးခင်