News

POST TYPE

LOCAL

တရားမ၀င် နယ်စပ်ကုန်သွယ်မှုများကို ထိန်းချုပ်ရန် နှစ်နိုင်ငံ အခွန်ပူးပေါင်းစစ်ဆေးသည့် စနစ် အသုံးပြုမည်
18-Aug-2016

နယ်စပ်ဒေသများတွင်  တရားမ၀င် ကုန်သွယ်မှုများ ထိန်းချုပ်ရန် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံများနှင့် (Single Stop Inspection)  နှစ်နိုင်ငံ အကောက်ခွန်များ ပူးပေါင်း စစ်ဆေးသည့် စနစ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။ 

ယနေ့ (သြဂုတ် ၁၇) ကျင်းပသော အမျိုးသားလွှတ်တော်၌ မန္တလေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၂)မှ  ဦးထွန်းထွန်းဦးက "တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ (Mobile Team)အဖွဲ့ကို ဖျက်သိမ်းပြီးနောက်ပိုင်း နယ်စပ်တရားမ၀င် ကုန်သွယ် ရေး လမ်းကြောင်းများက တစ်ဆင့် ပိုမိုတင်သွင်းလာမှုနှင့် ပြည်တွင်းမှ အဖိုးတန် ထွက်ကုန်များကို ပိုမို ပို့ဆောင်လာခြင်းတို့ကို တားဆီးထိန်းချုပ် အရေးယူရန် စီမံဆောင်ရွက်ထားခြင်း ရှိမရှိ မေးမြန်းချက်ကို ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

တရားမဝင် နယ်စပ်ကုန်သွယ်မှုကို ထိန်းချုပ်ရန်အတွက် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံများနှင့် ချိတ်ဆက် အကောင်အထည်ဖော်ရန် အကောက်ခွန်အဖွဲ့များမှ စတင် ဆွေးနွေးလျက်ရှိပြီး အခြားနယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံများနှင့်ပါ ပူးပေါင်း၍ ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

"သွင်းကုန်၊ ထုတ်ကုန် ကုန်စည်များကို အလုံပိတ် ကုန်သေတ္တာယာဉ်ဖြင့် သယ်ဆောင်တဲ့စနစ်ကို အသုံးပြုဖို့ ဆောင်ရွက်နေပါတယ်" ဟု ဦးသန်းမြင့်က ထပ်လောင်း ပြောကြားသည်။

တရားမဝင် ဝင်ရောက်လာသော ကုန်ပစ္စည်းများကြောင့် အများပြည်သူ ကျန်းမာရေးမထိခိုက်စေရန်နှင့် ရသင့်ရထိုက်သည့် အခွန်များ နစ်နာဆုံးရှုံးမှု မရှိစေရန် နယ်စပ်ကုန်သွယ်ရေး အကောက်ခွန် စစ်ဆေးရေးစခန်းများ တည်ဆောက်ရန် စီစဉ်နေပြီး ကုန်တင်ယာဉ်အား စစ် ဆေးသည့် X-Ray စက်များ တပ်ဆင် စစ်ဆေးရန် ဆောင်ရွက်နေကြောင်း ၀န်ကြီးက ဆိုသည်။

၂၀၁၂-၁၃ တွင် စတင်ဖွဲ့စည်းခဲ့သည့်  Mobile Team အဖွဲ့သည် တရားမ၀င် အကောက်ခွန် အမှုတွဲပေါင်း ၈၅၂၉ မှု၊ ခန့်မှန်းတန်ဖိုး ကျပ် ၅၂,၉၃၆ သန်း သိမ်းဆည်း အရေးယူ၍ စားသုံးရန်မသင့်သည့် ကုန်ပစ္စည်း ၉၃၇ မှု၊ ခန့်မှန်းတန်ဖိုး ကျပ် ၂၅၃၀ သန်းကို ဖျက်ဆီးနိုင်ခဲ့ပြီး ၂၀၁၅ ဒီဇင်ဘာလတွင် ယင်းအဖွဲ့ကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။

Mobile Teamအဖွဲ့ကို ဖျက်သိမ်းပြီးနောက်ပိုင်း တရားမဝင် ကုန်သွယ်မှုများ ဝင်ရောက်လာမှုများ ကာကွယ်တားဆီးရန် ကချင်ပြည်နယ်တွင် စစ်ဆေးရေး စခန်း(၆)ခု၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် စစ်ဆေးရေးစခန်း (၄)ခု၊ စစ်ကိုင်းတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် စစ်ဆေးရေးစခန်း (၂)ခုတို့ကို တိုးချဲ့ဖွင့်လှစ် စစ်ဆေးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

တရားမဝင်ကုန်သွယ်မှုများကို တားဆီးမှု၊ ဖမ်းဆီးမှုများကို ဆောင်ရွက်သကဲ့သို့ ကုန်သွယ်မှု လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ခဲ့ပြီးနောက် ကုန်သွယ်မှု ပမာဏသည် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှာ ဒေါ်လာ ၁၈ ဒသမ ၁၇ ဘီလီယံမှ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ၂၉ ဒသမ ၁၅ ဘီလီယံ အထိ ကုန်သွယ်မှု နှစ်ဆနီးပါးထိ မြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အချက်အလက်များအရ သိရသည်။

  • VIA