News

POST TYPE

LOCAL

ရဲတပ်ဖွဲ့အားနည်းချက်ကြောင့် ရန်ကုန်တွင် မူးယစ်ဆေးဝါးများ ပျံ့နှံ့ဟု ရဲမှူးချုပ် ပြောကြား
18-Aug-2016

မြန်မာနိုင်ငံ၏ မဂ္ဂါစီးတီးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တော်တွင် မူးယစ်ဆေးဝါးများ ပျံ့နှံ့ခဲ့သည်မှာ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးတာဝန်ကို ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ဆောင်ရမည့် တာဝန်နှင့် သတင်းရယူမှု အားနည်း ချက်များကြောင့်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ဝင်းနိုင်က ပြောကြားသည်။

"မူးယစ်ဆေးဝါးတွေ ရန်ကုန်မှာ ပျံ့နှံ့ခဲ့မှုကို စစ်ဆေးကြည့်တော့ ရဲတပ်ဖွဲ့ဝင် တွေ သတင်းရယူမှုပိုင်း အားနည်း နေတာကို တွေ့နေရတယ်၊ ရန်ကုန်မြို့ထဲကို မူးယစ်ဆေးဝါးတွေ ဝင်ရောက်လာပြီး 
လမ်းကြောင်းပေါင်းစုံက ပြန်ထွက်နေတယ်၊ အခုဆို ပြည်သူတွေမှာ မူးယစ်ဆေးဝါး အန္တရာယ်တွေကို ရင်ဆိုင်နေရပြီလေ၊ ဒါကြောင့် တပ်ဖွဲ့ဝင်တွေအနေနဲ့ မြို့ဝင် ထွက်ပေါက်တွေနဲ့ တိုင်းဒေသကြီးအနှံ့မှာ မူးယစ်ဆေးဝါး စစ်ဆေးဖမ်းဆီးမှုတွေကို ဖိဖိစီးစီးဆောင်ရွက်ဖို့မှာ ကြားထားပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် စံချိန်တင် စိတ်ကြွဆေးပြားများ ဖမ်းဆီးခဲ့ပြီးနောက် ရဲတပ်ဖွဲ့မှ မြို့ရွာအနှံ့ မူးယစ်ဆေးဝါး ဖမ်းဆီးမှုကို အရှိန်မြှင့်တင် ဆောင်ရွက်ခဲ့ရာ မူးယစ်ဆေးဝါး အမြောက်အမြားနှင့်အတူ လက်နက်ခဲယမ်းအချို့နှင့် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီး အရေးယူ နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

"ကုန်စည်စီးဆင်းမှု မြန်ဆန်စေဖို့ ရန်ကုန်မြို့ အဝင်လမ်းကြောင်းမှာရှိတဲ့ မလိုလားအပ်တဲ့ စစ်ဆေးရေးဂိတ်တွေကို ပယ်ဖျက်ခဲ့တာကြောင့် လုံခြုံရေး ကျိုးပေါက်ပြီး မူးယစ်ဆေးဝါးတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတာပါ၊ မူးယစ်ဆေးဝါး အမှန်တစ်ကယ် ပပျောက်အောင် မြို့ဝင် မြို့ထွက် စစ်ဆေးရေးဂိတ်တွေ ပြန်လည်တိုးမြှင့်ပြီး လုံခြုံရေးကို အရှိန်မြှင့်တင်ရမယ်"ဟု ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားသည်။ 
အစိုးရသစ်လက်ထက် ရက်တစ်ရာ စီမံချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးမှုကို ဒဂုံ စစ်ဆင်ရေးဖြင့် ဖမ်းဆီးရှာဖွေခဲ့ရာ မူးယစ်အမှုပေါင်း ၃၇၆ မှုမှ ပြစ်မှုကျူးလွန်သူဦးရေ ၅၀၀ ကျော်ကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

  • VIA