News

POST TYPE

LOCAL

၂ဝ၁၇ ခုနှစ်အတွက် ယာဉ်တင်သွင်းခွင့် သတ်မှတ်ချက် ယခုလကုန်တွင် ထုတ်ပြန်မည်ဟုဆို
17-Aug-2016 tagged as

ရန်ကုန်၊ သြဂုတ် ၁၇

ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ၂ဝ၁၇ ခုနှစ်အတွက် ယာဉ်တင်သွင်းခွင့် Model Year သတ်မှတ်ချက်ကို သြဂုတ်လကုန်တွင် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနထံမှ သိရှိရသည်။

ယာဉ်တင်သွင်းခွင့်အတွက် Model Year သတ်မှတ်ချက် အမြန်ဆုံး ထုတ်ပြန်နိုင်ရန်  မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီထံ တင်ပြပြီး ပြည်ထောင်စု အစိုးရအဖွဲ့က သတ်မှတ်ပေးမည်ဖြစ်ကြောင်း က.ည.နမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

''လာမယ့်နှစ်အတွက် တင်သွင်းခွင့် ပြုမယ့်ယာဉ် Model Year သတ်မှတ်ချက်ကို မော်တော်ယာဉ် ဥပဒေမှာ ပါတဲ့အတိုင်း ထုတ်ပြန်  ကြေညာပေးမယ်။ ဒီနှစ် စက်တင်ဘာလမှာ အစောဆုံး ထုတ်ပြန်နိုင်ဖို့ ဆောင်ရွက်နေပါတယ်''ဟု ၎င်းက ဆိုသည်။

၂ဝ၁၆ ခုနှစ်တွင် ပြည်ပမှ ယာဉ်တင်သွင်းမှုအတွက် Model Year သတ်မှတ်ရာတွင် ယာဉ်အိုယာဉ်ဟောင်း အစားထိုး လျှောက်ထားမှုကို ၂ဝဝ၆ Model မှ ၂ဝ၁ဝ Model အထိ တင်သွင်းခွင့် ပြုခဲ့ပြီး ဖရီးပါမစ်ဖြင့် ယာဉ်တင်သွင်းခြင်းကို ၂ဝ၁၁ Model မှ ၂ဝ၁၆ Model အထိ သတ်မှတ်ထားရှိကာ တင်သွင်းခွင့် ပြုခဲ့သည်။

ထို့အပြင် ခရီးသည်တင် ယာဉ်များကို ၂ဝ၁၁ Model မှ ၂ဝ၁၆ Model အထိ (ဘယ်မောင်း)နှင့် အငှားယာဉ်များကို ၂ဝ၁၁ Model မှ ၂ဝ၁၆ Model အထိ သတ်မှတ်ကာ တင်သွင်းခွင့် ပြုခဲ့ကြောင်း က.ည.နထံမှ သိရှိရသည်။

  • VIA
  • TAGS